Home
မြန်မာသတင်း
စားသုံးဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်ပြီး အပြင်ဆိုင်များတွင် ဝယ်ရခက်နေ
DVB
·
June 28, 2024

ရန်ကုန်အတွက် စားသုံးဆီရည်ညွှန်းဈေးတွေက ဆက်တိုက်မြင့်တက်နေသလို ပြင်ပဆိုင်တွေမှာ စားအုန်းဆီ ဝယ်ရခက်ခဲနေတယ်လို့  ပြည်သူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ စားသုံးဆီရည်ညွှန်းဈေးတွေက ဆက်တိုက်မြင့်တက်နေပြီး လက်ကားဆိုင်တွေမှာ ဆီဝယ်ရခက်ခဲနေပြီး ဈေးတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆိုင်ကြီးတွေမှာတော့  တအိမ်ထောင်ကို ငါးဆယ်သား ရောင်းချပေးနေပြီး တပတ်တကြိမ်ကို အိမ်ထောင်စုဇယားပြပြီးမှာ ဝယ်လို့ရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

“စားအုန်းဆီတွေက ဟိုတခေါက်လိုမျိုး တခါပြတ်သွားပြန်ပြီ ဝယ်လို့မရဘူး။ ကိုယ်စားလှယ်ယူထားတဲ့ သူတွေက တန်းစီပြီးတော့ အရင်တုန်းကဆို အိမ်ထောင်စုတစုကို ငါးဆယ်သား၊ နေ့တိုင်းမဟုတ်တောင်ရက်ခြားပေးတယ်။ အခုက မရတော့ဘူး ယူမယ်ဆို သန်းခေါင်စာရင်းတောင်ပြရတယ်။ အဲတာတောင် နေ့တိုင်းမဟုတ်ဘူး တပတ်တခါဖြစ်သွားတယ်။ တပိဿာ ၈၀၀၀၀ ၊ ၁၀၀၀၀ တောင်မှ လိုသလောက် မရဘူး။ အရင်လိုမဟုတ်ဘူး ဆီက ဝယ်ရခက်နေတယ် မရောင်းကြတော့တာ။”

ဇွန် ၂၇ ရက် စားသုံးသူရေးရာဦးစီးဌာနရဲ့ ရည်ညွန်းသတ်မှတ်ဈေးက ရန်ကုန်အတွက် ပဲဆီတပိဿာက ၁၇၀၀၀ ကျပ်နဲ့ စားအုန်းဆီက ၅၈၀၀ ကျပ် ဖြစ်ပါတယ်။ အပြင်ဆိုင်တွေမှတော့ စားအုန်းဆီက ကျပ် ၈၀၀၀ နဲ့ ၁၀၀၀၀ ကြားပေးဝယ်နေရပြီး ပဲဆီကတော့ ၁၈၀၀၀ ကနေ ၂၀၀၀၀ ကြားရှိနေတယ်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ်နေ အိမ်ရှင်မတဦးကလည်း ဆီဝယ်ရခက်ခဲတဲ့အကြောင်း ပြောပြပါတယ်။

“စားအုန်းဆီက လွန်ခဲ့တဲ့ ၁၀ ရက်က လိုက်ဝယ်တာ မရဘူး၊ မရဘူးဆိုတာ အစိတ်သားပဲ ရမယ်ဆိုတော့ ဘာမှလုပ်လို့မရဘူးလေ။ အဲတာ မဝယ်ဘူးပြန်လာလိုက်တယ်။ ဟိုလေးငါးရက်က သွားဝယ်တော့ ဘယ်ကုန်စုံဆိုင်မှာမှ မရဘူး။ ကုန်စုံဆိုင်က ဒီရပ်ကွက်နားပေါ့ ၂ ဆိုင် ၃ ဆိုင်မှာမရဘူး။ သူတို့တောင် ဘယ်မှာမှ ဝယ်လို့မရပါဘူးလို့ပြောတယ်။ အဲတော့ ဘူးတွေပဲ ဝယ်လာရတယ်။ ပုဇွန် ၂ ကောင်၊ ပုဇွန် ၂ ကောင်ရှိတယ် ပဲဆီရှိတယ် မေဇင်ရှိတယ်။ ပုဇွန် ၂ ကောင်တောင်မှ အရင်က  ၁၆၀၀၀ ရှိတာ အခုဆို တပိဿာဘူးကို ၁၈၀၀၀ ဖြစ်သွားပြီ။”

စားအုန်းဆီဈေး ရည်ညွှန်းဈေးက မေလထဲမှာ ကျပ် ၅၃၀၀ အောက်ရှိခဲ့ရာကနေ ဇွန်လ နောက်ဆုံးပတ်မှာတော့ ၅၈၀၀ ထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

စားအုန်းဆီကို ဘယ်ယူပို့ဆောင် စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာတင်ပြီး ရောင်းချဖို့နဲ့ တခြားဆီတွေနဲ့ ရောနှောရောင်းချတာတွေ မလုပ်ဖို့ စားသုံးသူရေးရာဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ပြည်ပက စားအုန်းဆီ တင်သွင်းတဲ့ ကုမ္ပဏီ ၈ ခုကိုလည်း မသမာမှု ပြုလုပ်တယ်ဆိုတဲ့အချက်နဲ့ ဇွန် ၂၄ ရက်က စပြီး အမည်ပျက် စာရင်းသွင်းကြောင်းကိုလည်း ထုတ်ပြန်ထားပါသေးတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013