Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေး၊  လောင်းရှည် PDF က ဒဏ်ရာရရဲဘော်များကို ထောက်ပံ့
DVB
·
June 28, 2024
Photo Crd-PDF
Photo Crd-PDF
Photo Crd-PDF

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ စစ်ကောင်စီတပ်က ပေါက်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို ဇွန် ၁၄ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကျောက်တန်းကျေးရွာကနေ တိမ်းရှောင်လာသူတဦးက “ကျနော်တို့ မိသားစုလိုက် ပြေးလာကြတာ ၂ ပတ်လောက်ရှိပြီ။ သူတို့ စစ်ကြောင်း ပြန်ထွက်တာကို စောင့်နေရင်း တောထဲမှာ ၄၊ ၅ ရက်လောက် ကြာတယ်။ သူတို့ ပြန်မထွက်တာရော လူကြီးနဲ့ ကလေးတွေ ပါတာရောကြောင့် မြို့အထိတက်လာတာ။ ရွာဘက်တွေမှာ ဖုန်းလိုင်းမမိတော့ ရွာဘက်က အခြေအနေလည်း ဘာမှမသိရဘူး ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။

ကပစ ၂၄ က စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်မြို့နယ်မြောက်ပိုင်းက ရွှေဘုံသာ ပျူစောထီးကျေးရွာကို ရောက်ရှိ အထိုင်ချနေပြီး အဆိုပါကျေးရွာကနေ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “ပေါက် ကပစ ၂၄ က  အင်အား ၁၈၀ လောက်က ပေါက်မြို့နယ်မြောက်ပိုင်းက ရွှေဘုံသာ ပျူစောထီးကျေးရွာမှာ အထိုင်ချနေပြီး ပတ်ဝန်းကျင်ကရွာတွေကို အခုလ လယ်ပိုင်းကတည်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာ ၁၅ ရက်လောက် ရှိနေပြီ။ စစ်ကြောင်းထိုးတဲ့ရွာတွေက ရွာခံတွေ ၅,၀၀၀ ကျော်လောက် ထွက်ပြေးနေကြရတယ်။ ရွာခံတွေက အခုထိ ရွာတွေထဲ ပြန်မဝင်ကြရသေးဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ ဝက်ပုတ်၊ ကျောက်တန်း၊ သန်းတောအိုင့်၊ ချောင်းဝ၊ ကျွန်းတိုင်၊ ဂွေးဂုံ၊ ဂဲပင်အင်းနဲ့ စသိန်း ကျေးရွာ စတဲ့ကျေးရွာတွေက အိမ်ခြေ ၁,၁၀၀ ဝန်းကျင်က ဒေသခံပြည်သူ ၅,၀၀၀ နီးပါးဟာ ဘေးလွတ်ရာ ထွတ်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းက စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတဦးက “ကျနော်တို့အဖွဲ့ကလည်း စစ်တပ်စစ်ကြောင်းဝင်နေတဲ့ ရွာ ၁၀ ရွာလောက်က ထွက်ပြေးနေကြတဲ့ စစ်ရှောင် ၅,၀၀၀ ကျော်အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားသောက်စရာတွေ သွားပို့နေကြပါတယ်။ အားလုံးအတွက်နဲ့ အားလုံးဆီ ရောက်အောင်တော့ ဘယ်ပို့နိုင်မလဲဗျာ။ ကြိုးစားပြီးတော့လည်း ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့လို့ မပြည့်စုံမှုကြောင့် လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်အစပ်က စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ ထွက်ပြေးတိမ်းရှောင်နေကြရသူတွေရဲ့ မြေပြင်အခြေအနေတွေကို DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့အခြေစိုက် လောင်းရှည်ဒေသ-PDF ဂန့်ဂေါခရိုင် အမှတ်-၆ တပ်ရင်းက ဒဏ်ရာရရဲဘော်တွေကို ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ လောင်းရှည် PDF တာဝန်ရှိသူဆီက သိရပါတယ်။

ဇွန် ၂၇ ရက်မှာ ယောဒေသ တော်လှန်နှုတ်ခမ်းနီ ပန်းချီကား ကမ်ပိန်းမှ ရရှိငွေတွေထဲက လောင်းရှည်- PDF မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ၃ ဦးအတွက် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ခြေထောက်၊ လက်နဲ့ မျက်လုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရဲဘော် ၃ ဦးအတွက် ၁ ဦးကို ကျပ် ၁၅ သိန်းနှုန်းနဲ့ ၄၅ သိန်းကျပ် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။

လောင်းရှည်-PDF ပြန်ကြားရေးတာဝန်ခံက “ဒဏ်ရာရရဲဘော်တွေကို ထောက်ပံ့တာပါ၊ ဒဏ်ရာရရဲဘော်တွေထဲကမှ ခြေ လက် မျက်စိ ထိခိုက်ထားသူတွေအတွက် ထောက်ပံ့ပေးတာပါ၊ ရဲဘော် ၃ ဦးစာ ပေးတာပါ။ ကျန်တဲ့ရဲဘော်တွေအတွက်လည်း တင်ထားဆဲပါ။ ထုတ်လုပ်ရေးပစ္စည်းစမ်းသပ်ရင်း ဒဏ်ရာရတာတွေလည်းရှိတယ်၊ ရှေ့တန်းမှာ ဒဏ်ရာရသူတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

လောင်းရှည်-PDF တပ်ရင်းမှာ မျက်လုံးနဲ့ ကိုယ်လက်အင်္ဂါ အကြီးစား ထိခိုက်ထားတဲ့ ရဲဘော် ၆ ဦးရှိပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013