စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့ ကိစ္စဟာ သံဃာထုကြားထဲမှာ ကြီးမားတဲ့သက်ရောက်မှုရှိနေပြီး အလွယ်တကူ ပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ် ပါတယ်။
ဇွန် ၁၉ ရက်က မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် အရှင်မုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ဇွန် ၂၇ ရက်က ပဲခူးမြို့ ဆင်ဖြူကွင်းသုဿန်မှာ ကျင်းပခဲ့ပါတယ်။
ဆရာတော်ရဲ့ဈာပနကို တပည့်ဒါယကာ ဒါယိကာမတွေနဲ့ မြို့လုံးကျွတ်နီးပါး မြို့သူမြို့သားတွေ လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်ဆရာတော်တပါးကို အဆင်ခြင်မဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ပြဿနာဟာ အလွယ်တကူပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ် ပါတယ်။
"ဒါဟာ မီးစတချောင်းပဲ ဆရာတော်ဘုရားကြီးကို သူတို့သတ်လိုက်တာဟာ။ နောက် လာဦးမှာပဲ ဒီကိစ္စက အေးသွားမယ့်ကိစ္စမဟုတ်ဘူး။ အရေအတွက်တွေများလာရင် မီးစလေးတချက်ကလည်း ပေါက်ကွဲပြီးထွက်နိုင်တယ်။ ရှစ်လေးလုံးဆိုတာကြည့်လေ လက်ဖက်ရည်ဆိုင်လေးမှာ စကားများတာကနေ ဖြစ်တာပဲ။ အခုလည်း ဒါတွေဟာ ပေါက်ကွဲဖို့ တာဆူနေတဲ့ အချက်အလက်တွေဗျ။ တကြိမ်ကြိမ်မှာ အဲ့လိုမီးစတခုကျပြီး ဝုန်းကနဲ ထတောက်နိုင်တာပဲ။ ပြည်သူဘက်ကခံနိုင်ရည်အားကလည်း တဖြေးဖြေးနည်းလာနေပြီ။ တချိန်ချိန်မှာ ပေါက်ကွဲမှုကတော့ ဖြစ်လာနိုင်တယ်ထင်တယ်။"
စစ်ခေါင်းဆောင် ကိုးကွယ်တဲ့ သီတဂူဆရာတော်က ဇွန် ၂၂ ရက်မှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို သွားရောက်ခဲ့ပြီး သည်းခံခွင့်လွှတ်မေ့ပျောက်ကြဖို့ ကျောင်းမှာရှိတဲ့ ရဟန်းသံဃာတွေကို ပြောဆိုခဲ့ပါတယ်။
ဇွန် ၂၃ ရက်နေ့မှာတော့ ကျောင်းတိုက်ကို စစ်ကောင်စီ ပဲခူးတိုင်းဝန်ကြီးချုပ်သွားရောက်ပြီး တောင်းပန်စာ ဖတ်ကြားတင်ပြခဲ့ပေမဲ့ ကျောင်းထိုင်ရဟန်းတပါးက မေ့ပျောက်နိုင်မှာ မဟုတ်ဘူးလို့ ပြန် မိန့်ကြားခဲ့ပါတယ်။
ဒီပြဿနာကိုအကြောင်းပြုပြီး ဇွန် ၂၄ ရက်မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးနယ်၊ ဒီပဲယင်းနယ်တို့က သံဃာတော်တွေက စစ်ကောင်စီအပေါ် ပတ္တနိက္ကုဇ္ဇနကံ ပြုပြီး စတင်သပိတ်မှောက်ခဲ့ကြပါတယ်။
ဇွန် ၂၅ ရက်မှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်နဲ့ ဆားလင်းကြီးနယ်က ရဟန်းသံဃာတွေပူးပေါင်းပါဝင်လာပြီး ဇွန် ၂၇ ရက်မှာတော့ မကွေးတိုင်း၊ မြိုင်နယ်က ရဟန်းသံဃာတွေရဲ့ သပိတ်စစ်ကြောင်း လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြ ပါတယ်။
ဒီပဲယင်းသပိတ်ဦးဆောင်ရဟန်းတပါးက "သပိတ်မှောက် ကံဆောင်တာပေါ့။ အကြမ်းဖက် စစ်ကောင်စီ သူကျူးလွန်နေတဲ့ ပြစ်မှုတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ဖြေရှင်းဖို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးအပါအဝင် အဲ့လိုသတ်ဖြတ်နေတာတွေကို ပြည်သူလူထု ကျေနပ်အောင် သံဃာထုကျေနပ်အောင်တောင်းပန်ဖို့၊ တောင်းပန်မှုမပြုမချင်း ဒီစစ်ကောင်စီအပေါ် ဦးဇင်းတို့သံဃာတော်တွေက အဆက်အသွယ်ဖြတ်တောက် ပစ်လိုက်တာပေါ့။ ဆရာ ဒါယကာ ဆက်ဆံရေး လုံးဝဖြတ်တောက်လိုက်တာ၊ သူတို့လှူမယ့် ပစ္စည်းလေးပါးကို အလှူခံတာမျိုးလုံးဝမလုပ်တော့ဘူး။ ဖြတ်တောက်ပစ်လိုက်ပြီ။ ငြင်းပယ်ပစ်လိုက်ပြီ။ ထို့အတူပဲ တရားဟောတာမျိုး စတဲ့ဆက်ဆံရေးမျိုးလည်း လုံးဝမလုပ်တော့ဘူး ငြင်းပယ်ပစ်လိုက်တယ်။ ဒါ ဝိနည်းကြောင်းအရ အပြင်းထန်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်တာပဲ”လို့ မိန့်ပါတယ်။
စစ်ခေါင်းဆောင်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေပစ်ခတ်တာကြောင့် ဆရာတော်ပျံလွန်တာလို့ဝန်ခံပြီး ကျောင်းတိုက်ဆီကို ပဲခူးတိုင်းဝန်ကြီးချုပ်ကိုစေလွှတ်ခဲ့ပေမဲ့ တောင်းပန်စာ အပြည့်အစုံဖော်ပြ ချက်အရဆိုရင် လုံခြုံရေးအရစစ်ဆေးတာကိုလက်မခံလို့ ပစ်ခတ်ခဲ့ရတာဆိုတဲ့ ဖော်ပြချက်လည်း ပါဝင်နေ ပါတယ်။
တန့်ဆည်မှ အရှင်တေဇာနန္ဒက "ဆရာတော်ကြီးကလည်း ပဲခူးတိုင်းမှာ သီတင်းသုံးတာဖြစ်တဲ့အတွက် သူ့ရဲ့တပည့်သံဃာတွေကတော့ မိမိတို့ရဲ့ ဆရာသမားဆုံးရှုံးရတဲ့အတွက် ဦးပဥ္စင်းတို့ထက်ပိုပြီးတော့ ယူကြုံးမရ ဖြစ်ကြမှာပါ။ အဲ့ဒီယူကြုံးမရ ဖြစ်မှုတွေကိုပဲ ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့အထဲမှာ အံလိုက်ကျင်းလိုက် ပါဝင်လာနိုင်တယ်လို့ ဦးပဥ္စင်းတို့က ခန့်မှန်းပါတယ်။ သံဃာအစုအဖွဲ့တဖွဲ့က ဒီပုဂ္ဂိုလ်တဦး တယောက်ကို သပိတ်မှောက်ကံပြုပြီးပြီလို့ သိလိုက်တာနဲ့ ဦးပဥ္စင်းတို့ သာသနာထဲမှာရှိနေတဲ့ ရဟန်းသံဃာတွေအားလုံးက လိုက်နာကြရပါတယ်။ မလိုက်နာဘူးဆိုရင် အပြစ်သင့်တာ ဖြစ်ပါတယ်။ ဆရာတော်တွေက သပိတ်ပြန်မလှန်မချင်း သူတို့ရဲ့ ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေရဲ့အလှူကို မခံရပါဘူး။ ခံခွင့်မရှိပါဘူး။ တကယ်လို့အလှူခံတယ်ဆိုရင် ပတ္တနိက္ကုဇ္ဇနကံပြုထားတဲ့အတွက် ကံသင့်ပြီးတော့ အာပတ်သင့်တာဖြစ်ပါတယ်”လို့ မိန့်ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါးလရှီလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်ကောင်စီက သူတို့ရဲ့တရားမဲ့သတ်ဖြတ်ခဲ့မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိလာအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ယာယီသမ္မတကြီးဒူဝါးလရှီလက ဇွန်လ ၂၇ ရက် ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားရက်မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဗုဒ္ဓသာသနာအစစ်အမှန်ကို ပြန့်ပွားအောင်ဆောင်ရွက်ခဲ့တဲ့ သာသနာ့အာဇာနည် ဆရာတော်တပါး ဖြစ်တယ်ဆိုတာကို သဝဏ်လွှာထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သံဃာတော်အရှင်မြတ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ဝံ့တဲ့စစ်တပ်ရဲ့လုပ်ဆောင်ချက်ကို သမ္မတကြီးနဲ့ NUG က ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံ့ချပါတယ်။ စစ်တပ်မှာ လုံးဝ အပြည့်အဝတာဝန်ရှိတယ်။ တာဝန်ယူရမယ်၊ တာဝန်ခံဖို့အတွက်ဖြစ်အောင် ကျနော်တို့တွေ ကြိုးစားမယ်၊ အကြမ်းဖက်စစ်ဝါဒီတွေ မြန်မာနိုင်ငံမှာ အမြစ်ဖြုတ်ဖို့အတွက် သမ္မတကြီးကနေပြီးတော့ ထပ်လောင်းကတိပြုခဲ့တာလည်း တွေ့ပါလိမ့်မယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ကိုချေမှုန်းဖို့အတွက် အတူတကွလက်တွဲဆောင်ရွက်ဖို့အချိန်ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့သပိတ်ကာလ ၂၁၂၁ ဧပြီလဆန်းပိုင်းမှာ ပဲခူးမြို့က သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ရက်ပိုင်းအတွင်းမှာ ပြည်သူ ၈၀ ထက်မနည်းသေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ပြည်သူတွေ ဖမ်းဆီးထောင်ချခံခဲ့ရ ပါတယ်။
ပဲခူးမြို့ဟာ အရင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ထောက်ခံတဲ့ ပြည်သူအများစု နေထိုင်တဲ့ မြို့ဖြစ်ပြီး NLD ပါတီဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ အားပြိုင်မှု ပြင်းထန်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာလည်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို မြို့ခံပြည်သူတွေက မတုံ့ပြန်နိုင်ခဲ့ပေမဲ့ ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တော်မူတဲ့ကိစ္စဟာ မြို့ခံပြည်သူတွေအကြားမှာ ကြီးမားတဲ့သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ