Home
ဆောင်းပါး
ရွှေ့ပြောင်းဒုက္ခသည်အရေး လှေနံနှစ်ဖက်နင်းနေတဲ့ ဘိုင်ဒင်
DVB
·
June 28, 2024
Photo-Reuters

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေကြား ဝိဝါဒအကွဲပြားဆုံး အကြောင်းအရာတွေထဲက တခုဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စအပေါ် သမ္မတဘိုင်ဒင်ရဲ့ လတ်တလော လုပ်ဆောင်ချက်တွေဟာ အာရုံစိုက်စရာ ဖြစ်နေပါတယ်။

သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်နိုင်ငံမှာ တရားမဝင် နေထိုင်နေကြတာ နှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။ သူတို့ဟာ တရားမဝင် ဝင်ရောက်ခဲ့ရာကနေ အလုပ်လုပ်တာ၊ မိသားစုဘဝအသစ် စတင်တာ၊ ကလေးတွေကို ကျောင်းပို့တာတွေလုပ်ပြီး တဖြည်းဖြည်း အခြေကျလာကြပါတယ်။ သမ္မတဘိုင်ဒင်ကတော့ အမေရိကန်နိုင်ငံမှာ သူတို့ နေလို့ရတယ်လို့ ပြောပါတယ်။

အလားတူ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ကိုဖြတ်ပြီး ထပ်မံရောက်ရှိလာသူတွေလည်း အများအပြား ရှိပါတယ်။ သူတို့ဟာ ဆင်းရဲ‌မွဲတေမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကနေ အကာအကွယ် ရလိုရငြား ရွှေ့ပြောင်းလာကြတာဖြစ်ပြီး အခုအခါမှာတော့ သူတို့အနေနဲ့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

မစ္စတာဘိုင်ဒင်ကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ အရေးကြီးလုပ်ဆောင်ချက် နှစ်ခုကို ဒီလအတွင်းမှာပဲ ထပ်မံဆောင်ရွက်လိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေကတော့ အမေရိကန်နိုင်ငံသားတွေရဲ့ အထောက်အထား ခိုင်ခိုင်လုံလုံမရှိတဲ့ အိမ်ထောင်ဖက်တွေနဲ့ ပတ်သက်ပြီး တရားဥပဒေအရ အကာအကွယ်တွေ တိုးမြှင့်ပေးတာနဲ့ အမေရိကန်နိုင်ငံကို လာရောက်ခိုလှုံသူတွေ အများစုအတွက် နယ်စပ်ကိုပိတ်လိုက်တဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

အထက်ပါဆုံးဖြတ်ချက်တွေက ၂၀၂၄ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေမှာ ဝိဝါဒ အကွဲပြားဆုံးဖြစ်တဲ့ ခေါင်းစဉ်တခုအပေါ် မစ္စတာဘိုင်ဒင်ရဲ့ ချဉ်းကပ်မှုအဖြစ် အများက အာရုံစိုက်လာကြပါတယ်။ ‌မစ္စတာဘိုင်ဒင်ရဲ့ အလိုအရ နိုင်ငံအတွင်းမှာ ရောက်နေပြီးသား ရွှေ့ပြောင်းဒုက္ခသည်တွေ အပေါ်မှာတော့ အကူအညီပေးမှာဖြစ်ပြီး ထပ်မံရောက်ရှိလာမယ့် ဒုက္ခသည်တွေကိုတော့ နိုင်ငံအတွင်းကို အဝင်မခံဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အိမ်ဖြူတော်အရာရှိဟောင်းတယောက်က “နယ်စပ်အဝင်-အထွက် ပြဿနာ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အထက်ပါဗျူဟာက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နိုင်ငံရေး အရှုပ်အထွေးတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပြီး ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ပါတီနှစ်ရပ်လုံးရဲ့ မဲဆန္ဒရှင်တွေအတွက် အဓိကစိုးရိမ်စရာ ဖြစ်နေပါတယ်။ အမေရိကန် မဲဆန္ဒရှင်တွေကတော့ တောင်ပိုင်းနယ်စပ်က အခြေအနေကို ပြဿနာတခုအဖြစ် မြင်ကြပြီး အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လက်ရှိသမ္မတ ဘိုင်ဒင်ထက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို ပိုပြီး ယုံကြည်ကြတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဒီမိုကရက်တွေကတော့ မစ္စတာဘိုင်ဒန်ရဲ့ အခုလအတွင်း လုပ်ဆောင်ချက်တွေဟာ ဒီပြဿနာကို တမျိုးတဖုံ ပြေလျော့စေနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ လက်တင်အမေရိကနိုင်ငံရေးအပေါ် အာရုံစိုက်နေတဲ့ သမ္မတဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးသူ မစ္စတာ မက်အေဘာရက်တိုကတော့ အမေရိကန်လူမျိုးတွေက ပြည်တွင်းမှာ အနေကြာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အသစ်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ခွဲခြားရှုမြင်နေတယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့နဲ့ အတူတကွ အမေရိကန်ပြည်သူများက သူတို့ကို လုံးဝ ကွဲပြားခြားနားတယ်လို့ မြင်ပါတယ်” လို့ သူကပြောပါတယ်။ မဲဆန္ဒရှင်တွေဟာ အမေရိကန်နိုင်ငံမှာ အနေကြာပြီး အလုပ်လုပ်တာ၊ အခွန်ပေးဆောင်တာတွေ လုပ်ပြီး အလုပ်ဗီဇာရဖို့ ကြိုးစားနေတဲ့ ကိုယ့်ဦးလေး ဒါမှမဟုတ် သူငယ်ချင်းလိုမျိုး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကိုတော့ ထောက်ခံပြီး အကူအညီတွေ ပေးကြတယ်လို့ ဆိုပါသေးတယ်။

မကြာသေးမီနှစ်များကလည်း ဒီမိုကရက်တွေက မစ္စတာထရမ့်ပ်ရဲ့ လက်ထက်တုန်းက သူတို့ရှုတ်ချခဲ့ဖူးတဲ့ နယ်စပ်လုံခြုံရေး အစီအမံများကို ပြန်လည်တောင်းဆိုတာမျိုး လုပ်ခဲ့ကြပါသေးတယ်။

အမေရိကန်မှာ နယ်စပ်ကိုဖြတ်ကျော်လာတဲ့ လူဦးရေ စံချိန်တင် များပြားလာတာနဲ့အတူ သမ္မတဘိုင်ဒင် အပေါ်လည်း အခုလို ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေကို ကိုင်တွယ်ဖို့ ဖိအားတွေ သက်ရောက်လာခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက သမ္မတဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူ အသစ်တွေကို အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်‌တဲ့ အပေါ်မှာလည်း အလုပ်လုပ်ကိုင်ခွင့်ရဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရတဲ့ ပြည်တွင်းက ရွှေ့ပြောင်းနေထိုင်သူ အဟောင်းတွေက အမျက်ဒေါသ ထွက်နေကြပါတယ်။

မစ္စတာဘိုင်ဒင်ရဲ့ အဓိက လူယုံတွေကတော့ သူတို့ရဲ့ မူဝါဒအသစ်တွေဟာ ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့အတူ နိုင်ငံသားဖြစ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို မျှော်လင့်နေကြတဲ့ ဟစ်စပန်းနစ် မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စစ်တမ်းတွေမှာတော့ အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့ခြင်းလို လုပ်ဆောင်ချက်မျိုးတွေ ပါဝင်တဲ့ မစ္စတာထရမ့်ပ်ရဲ့ အကြုံပြုချက်တွေဟာ မဲဆန္ဒရှင်တွေကြား ရေပန်းစားနေပြီး အဲဒီအပေါ်မှာ မစ္စတာဘိုင်ဒင်ရဲ့ လူတွေ‌ကတော့ ရီပတ်ဘလစ်ကန်တွေဟာ ရွှေ့ပြောင်းဒုက္ခသည် တယောက်ချင်းစီတိုင်းကို မညှာမတာ ကိုင်တွယ်နေတယ်လို့ ယုံကြည်ကြပါတယ်။

အိမ်ဖြူတော်အနေနဲ့လည်း ရှေးယခင်ကတည်းက လူဝင်မှုကြီးကြပ်ရေးကိစ္စကို ကွန်ဂရက်လွှတ်တော်နဲ့ အတူတွဲပြီး ကိုင်တွယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သမ္မတဘိုင်ဒင် အာဏာရပြီးနောက်မှာတော့ သူ့အနေနဲ့ ခန့်မှန်းခြေ ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်းလောက်ကို နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းပေါ် တင်ပေးဖို့ ကြိုးစားခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ နယ်စပ်က ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ဖယ်ရှားပစ်မယ့် ဥပဒေကြမ်းကို တင်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရီပတ်ဘလစ်ကန် အတိုက်အခံတွေကြောင့် နှစ်ခုလုံး မအောင်မြင်ခဲ့ပါဘူး။

လူဝင်မှုကြီးကြပ်ရေးအပေါ်မှာ တင်းကျပ်တဲ့ နိုင်ငံရေးသဘောထားရှိတဲ့ မစ္စတာထရမ့်ပ် ကတော့ သမ္မတဘိုင်ဒင်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို အတိုက်အခံမလုပ်ဖို့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။ မစ္စတာဘိုင်ဒင်ရဲ့ အခုအပတ် ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ရီပတ်ဘလစ်ကန်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မိုက် ဂျွန်ဆင်ကတော့ ဘိုင်ဒင်ဟာ “ရွေးကောက်ပွဲနှစ်ရဲ့ ရွှေ့ပြောင်းဒုက္ခသည်လုပ်ကွက်” ကို စတင်သူဖြစ်ပြီး ဒီကိစ္စအပေါ် ‌လှေနံနှစ်ဖက်နင်းနေတယ်လို့ စွပ်စွဲထားပါတယ်။

ဒါပေမဲ့ အခုလအစောပိုင်းမှာတော့ သမ္မတဘိုင်ဒင်ဟာ နယ်စပ်တလျှောက် လုံခြုံရေး မြှင့်တင်မယ့် အရိပ်အယောင်တွေ မြင်လာရပြီး နိုင်ငံအတွင်း ခိုလှုံခွင့်နဲ့ပတ်သက်တဲ့ အဓိက စည်းကမ်းချက်တွေကို ကြေညာခဲ့ပါတယ်။

“အမေရိကန်အနေနဲ့ နယ်စပ်တလျှောက် လုံခြုံရေးမတင်းကျပ်ဘူးဆိုရင် အမေရိကန်ကို လာရောက်ခိုလှုံမယ့် လူဦးရေဟာ မရေတွက်နိုင်လောက်အောင် များပြားလာမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ အမေရိကန်ထက် ပိုကောင်းတဲ့နေရာဆိုတာ မရှိလို့ပါပဲ” လို့ သမ္မတဘိုင်ဒင်က အိမ်ဖြူတော်ရဲ့ လူစုလူဝေးနဲ့ အခမ်းအနားတွေ ကျင်းပလေ့ရှိတဲ့ အရှေ့ဘက်ခန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲ့လိုပြောကြားပြီး နှစ်ပတ်အကြာမှာတော့ အထက်ပါအခန်းထဲမှာပဲ လုံးဝမတူညီတဲ့ အခြေအနေတွေနဲ့ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

အခုတကြိမ်မှာတော့ သူဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အထောက်အထားမဲ့ အိမ်ထောင်ဖက် ငါးသိန်းကျော်ကို နေရပ်ပြန်ပို့ခြင်းကနေ ကာကွယ်သွားမယ်လို့ စိတ်အားထက်သန်စွာ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်ဟာ သူ့ရဲ့ အခြေအနေထိန်းလိုက်တဲ့ လုပ်ရပ်အပေါ် ယုံကြည်မှုရှိပုံ ရပါတယ်။

“ဒီအခန်းထဲက လူတော်တော်များများက ကျနော်လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ် ဆိုတာလည်း နားလည်ပါတယ်” လို့ ဘိုင်ဒန်က ကနဦး ပြောကြားခဲ့ပါတယ်။ ဒီ့နောက် ခိုလှုံခွင့်ပိတ်ပင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ “သမ္မတ တယောက်အနေနဲ့ ကျနော် မဖြစ်မနေလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတိုင်းက မိမိနယ်စပ်ကို လုံခြုံအောင် လုပ်ရပါမယ်၊ ရိုးရိုးလေးပါပဲ” လို့ သူက ပြောကြားခဲ့ပါတယ်။

မစ္စတာဘိုင်ဒင်က အဲ့အခမ်းအနားမှာ သမ္မတ အိုဘားမား လက်ထက်ကတည်းက ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလူငယ်တွေကို နေရပ်ပြန်ပို့ခံရခြင်းမှ ကာကွယ်ပေးခဲ့တဲ့ ရွှေ့ပြောင်းလူငယ်ဆိုင်ရာ ပရိုဂရမ် (DACA) နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။

သမ္မတအိုဘားမား လက်ထက်တုန်းကလည်း ပြင်းထန်တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းတွေကို ဖြေလျှော့ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ် ပြန်လည်ရွေးကောက်ပွဲကာလတုန်းက အိုဘားမားဟာ သူ့ရဲ့ ဥပဒေရေးရာ မူဝါဒတွေကြောင့် “အိမ်ပြန်ပို့သူကြီး” အဖြစ် ခေါင်းစဉ်တပ်ခံနေရတဲ့အတွက် DACA ကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ဒင်ရဲ့ ထောက်ခံသူတွေက အမေရိကန်နိုင်ငံသားတွေရဲ့ အထောက်အထားမဲ့ အိမ်ထောင်ဖက်တွေကို ကာကွယ်မယ့် မူဝါဒအသစ်အတွက် အောင်ပွဲခံနေတဲ့အချိန်မှာ DACA ကတော့ အမေရိကန်နယ်စပ် အပြင်ဘက်က ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် ပူပန်နေခဲ့ပါတယ်။

“ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ဟာ အခြေခံလူ့အခွင့်အရေးတခု ဖြစ်တယ်” လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ လော့စ်အိန်ဂျလိစ် ဥပဒေကျောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥ‌ပဒေနှင့် မူဝါဒ စင်တာမှ ဒုတိယညွှန်ကြားရေးမှူး အာဟီလန် တီ အာရူလန်နသမ်က ပြောကြားခဲ့ပါတယ်။

“အမေရိကန်နိုင်ငံအတွင်းက အထောက်အထားမဲ့ အိမ်နီးချင်းနိုင်ငံသားတွေအတွက် အကာအကွယ်နဲ့ အခွင့်အရေးတွေ ဖော်ဆောင်နေတုန်းမှာပဲ ဒုက္ခသည်ခိုလှုံခွင့်စနစ်ကိုလည်း ပြန်လည်ထားရှိပြီး မဲဆွယ်ကာလတုန်းက ကတိကဝတ်တွေကို ပြန်လည်ဆယ်ယူဖို့ ဘိုင်ဒင်အဖို့ သိပ်နောက်မကျသေးပါဘူး” လို့ သူက တဆက်တည်း ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်ဂျလို ဖာနန်ဒက်ဇ် အာနန်ဒက်ဇ် ကတော့ နယ်စပ်ရေးရာ လုံခြုံရေးအတွက် စီမံတာတွေ၊ ဥပဒေရေးရာအရ လမ်းကြောင်းချဲ့ထွင်တာတွေနဲ့ ပိုမိုတရားမျှတမှုရှိတဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို တည်ဆောက်တာတွေကို ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က တခုပြီးတခု ‌ဆုံးဖြတ်ချက်ချ ဆောင်ရွက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာဘိုင်ဒင်ကတော့ အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် မစ္စတာထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲမှာ နိုင်ငံတွင်း ရောက်ပြီးသား ရွှေ့ပြောင်းဒုက္ခသည်တွေ ပါဝင်တဲ့ မိသားစုတွေ ဥမကွဲသိုက်မပျက် နေနိုင်ဖို့နဲ့ ထပ်မံရောက်ရှိလာမယ့် ရွှေ့ပြောင်းဒုက္ခသည် အသစ်တွေကို တားဆီးသွားဖို့ ကိစ္စရပ်နှစ်ခုလုံးကို အလေးထား ပြောဆိုသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမေရိကန်မဲဆန္ဒရှင်တွေအနေနဲ့ ကွဲပြားခြားနားမှုတွေကို မှန်မှန်ကန်ကန် ဆွဲထုတ် သုံးသပ်နိုင်မလား ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

သူရိန်သွေး

(New York Times သတင်းစာပါ "Biden’s Strategy: Help Immigrants in the U.S., but Stop Others From Arriving" ကို ဘာသာပြန်တင်ဆက်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024