UNICEF ရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးယာဉ်တန်းကို ဟားမတ်စ်စစ်သွေးကြွတွေက ဒုံးကျည်တစင်းနဲ့ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်က အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကုလသမဂ္ဂတံဆိပ် တပ်ထားတဲ့ မော်တော်ယာဉ်ကို အကာအကွယ်ယူ ပြေးလွှားနေတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ ယာယီ ရွေ့လျားစခန်းထဲနဲ့ မြေပြင်ပေါ်မှာ အကာအကွယ်ယူထားတဲ့ အစ္စရေးစစ်သားတွေကို မြင်တွေ့ရပါတယ်။
အဲဒီအကူအညီ ပေးရေးယာဉ်ဟာ ဂါဇာမြောက်ပိုင်းမှ ကလေးငယ်တွေကို တောင်ပိုင်းရှိ သူတို့ရဲ့မိသားစုတွေနဲ့ ပြန်လည်ပေါင်းစည်းရာမှာ UNICEF နဲ့ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်တယ် လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF ကပြောပါတယ်။
ဒုံးကျည်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းမှာ နယ်မြေလုံခြုံရေးယူနေတဲ့ အစ္စရေးစစ်သားတွေကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အဆင်ပြေ ချောမွေ့စေဖို့ အစ္စရေးက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေပေမဲ့ ဟားမတ်စ်အဖွဲ့က ဂါဇန်အရပ်သားတွေရဲ့ ဘေးကင်း လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုနေတယ်လို့ စစ်တပ်ထုတ်ပြန်ချက်ကိုလည်း ဗွီဒီယိုမှာ ပြထားပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း နိုင်ငံတကာအကူအညီပေးရေး လုပ်သားတွေနဲ့ အစ္စရေးစစ်သားတွေ ထိခိုက်မှု မရှိခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။
Source-Reuters