ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည် အမှတ် ၁ တံတားပေါ်မှာ ဇွန် ၂၇ ရက် ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲကျော်လောက်က Nissan အမျိုးအစားကားကို ရပ်တန့်ထားခဲ့ပြီး ရေထဲ လူခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အဆိုပါ အိမ်စီးကားဟာ တံတားရဲ့ သာကေတမြို့နယ်ဘက်ကို သွားတဲ့ဘက်မှာ ရပ်တန့်ထားတာဖြစ်ပြီး အနီးအနားကလူတွေ ဖုန်းဆက်အကြောင်းကြားခဲ့လို့ ကယ်ဆယ်ရေးအသင်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ကားပေါ်မှာ ယောကျ်ားစီး ဖိနပ်တရံ၊ လက်ကိုင်ဖုန်း ၁ လုံးနဲ့ ပိုက်ဆံအိတ်သာ တွေ့ခဲ့ရပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “၁၂ နာရီ ၄၅ မိနစ်လောက်မှာ ကျနော်တို့ကို ဖုန်းဆက်လာတာ ကားတစီးရပ်ထားတယ်၊ လူတော့ မတွေ့တော့ဘူးဆိုပြီး။ မိသားစုတွေနဲ့တော့ အဆက်အသွယ်ရဖို့ လုပ်နေကြပါတယ်” လို့ ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ကားပိုင်ရှင် အမျိုးသားဖြစ်သူကို သက်ဆိုင်ရာ လူမှုကူညီရေးအသင်းတွေက ချောင်းတလျှောက်မှာ လိုက်လံရှာဖွေနေပါတယ်။
ဇွန် ၂၆ ရက် ညနေ ၄ နာရီကျော်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်တောင်းတံတားပေါ်ကနေ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦး စစ်တောင်းမြစ်ထဲ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။