ကော့ကရိတ်- မြဝတီ လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ပြီး ကရင်ပြည်နယ် မြဝတီမြို့ကပြည်သူတွေဟာ ထိုင်းနယ်စပ် မဲဆောက်မြို့က စားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူနေရပါတယ်။
ကော့ကရိတ်- မြဝတီ(အာရှ)လမ်းနဲ့ ဒေါနတောင်ခြေအနီး တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကိုဖြတ်သန်းပြီး ခရီးသည်နဲ့ကုန်စည်တွေ သယ်ယူပို့ဆောင်ခဲ့ပါတယ်။
မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာပြီး လမ်းပိုင်းအားလုံးယာယီပိတ်ထားတာကြောင့် ကော့ကရိတ်- မြဝတီ (အောက်ဗိုလ်တဲ)လမ်းဟောင်းကို ပြန်လည်အသုံးပြုနေတာပါ။
ဇွန် ၁၈ ရက်ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် လမ်းပိုင်းတလျှောက် မြေပြိုတာ၊ လမ်းမြေသား ရေတိုက်စားတာ၊ ကျေးရွာချင်းဆက်လမ်းတွေ ပျက်စီး လမ်းပိတ်ဆို့ပြီး မြဝတီမြို့မှာ ကုန်စည်တွေ ပြတ်တောက်နေပါတယ်။
နယ်စပ်ကုန်သည်တဦးက “ဟို(ပြည်တွင်း)ဘက်က ကုန်တွေမလာနိုင်ဘူးလေ။ လမ်းမှာ ၇ ရက် ၈ ရက်ကကြာတယ်။ ကားခတွေက အများကြီးတက်တယ်။ ထိုင်းဘက်က ဘတ်နဲ့ဝယ်ပြီး ဟိုမှာ ကျပ်နဲ့ ပြန်ရောင်းတော့ ဈေးလည်း ကွာသေးတယ်။ ကုန်ကျစရိတ်နဲ့ဆိုတော့ အဆမတန် တက်သွားပြီ။ ကုန်အရောင်းအဝယ်လုပ်တဲ့သူက ပိုက်ဆံရှိရင် ဝယ်လို့ရတယ်။ စားသုံးတဲ့သူတွေ စိတ်သောက ရောက်ရတာ။ အရောင်းအဝယ်သမားက ဈေးတက်ရင် တက်ရောင်းလိုက်တာ”လို့ ပြောပါတယ်။
မေလကစတင်ပြီး မြန်မာ- ထိုင်းနယ်စပ်မှာ ငွေလဲလှယ်ရာမှာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၁၀၆၅ ဘတ်ကနေ ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ပါတယ်။ လက်ရှိ ဇွန် ၂၇ ရက် ငွေလဲလှယ်ရာမှာ မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ် ၈၁၅ ဘတ်ဖြစ်နေပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည်တင်ယာဉ်တွေ ရှားလာတာကြောင့် ကုန်စည်တင်ဆောင်ခတွေပါ ဈေးနှုန်းမြင့်တက်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကုန်သည်တဦးက “အတက်ကားတွေကလည်း မြဝတီကို မရောက်လာနိုင်ဘူး။ တောင်ခြေမှာတင် ၁၀ ရက်လောက်ရှိနေပြီ။ ကားသမားတွေအနေနဲ့ စရိတ်ပိုထောင်းတာပေါ့။ ကုန်တင်ခတွေလည်း ဈေးတက်သွားတယ်။ အရင်က ၁ တန်ကို ကျပ် ၁ သိန်းခွဲကနေ ကျပ် ၄၃၀၀၀၀ အထိ တော်တော်လေးတက်သွားတယ်”လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် မြဝတီမြို့မှာ ပြည်တွင်းထွက် ဆန်နဲ့ စားသောက်ကုန်တွေ ပြတ်လပ်ခဲ့တဲ့အပြင် ဈေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်။
မြဝတီမြို့မှာ ငါး ၁ ပိဿာကိုကျပ် ၁၀၀၀၀ ကျော်၊ ဆီ ၁ လီတာကိုကျပ် ၇၀၀၀ ကျော်၊ ဆန် စိတ်တိုင်းကျနဲ့ ထူး ၇ လုံး ၁ ပြည်ကိုကျပ် ၁၀၀၀၀ ၊ ဆန်ကြမ်း ၂၄ ပြည် ၁ အိတ်ကို ကျပ် ၂ သိန်းကျော် ထိဈေးမြင့်တက်ခဲ့တာကြောင့် အခြေခံလူတန်းစားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံပြည်သူတဦးက “အခုဆိုရင် နည်းနည်းရုတ်ရုတ်ဖြစ်ပြီး ကားမတက်ဖြစ်ဘူးဆိုရင် ဆန်ကဝယ်လို့ မလွယ်တော့ဘူး။ ဆန်ဆိုင်က ဆန်တွေ သိမ်းလိုက်တာတို့ ရှိတယ်။ တနေ့လုပ် တနေ့စားဆိုရင် ဆန် ၁ ပြည်ဝယ်ပြီးရင် ဘာဝယ်ရမလဲ။ ကြက်ဥ ၁ လုံးဆိုရင် ၅၀၀ ၆၀၀ ရှိတယ်။ အဲဒီလိုမျိုးဆို မလောက်ငဘူးပေါ့။ တချို့ဆိုရင် ၁ သောင်းတောင် ဝင်ငွေမရှိဘူးဆိုရင် ဒုက္ခရောက်ကျတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ ရန်ကုန်မြို့ကို မရောက်ရှိဘဲ လမ်းမှာပိတ်မိနေပြီး လက်ရှိ ကုန်စည်စီးဆင်းမှုအခြေအနေဟာ အဆိုးဝါးဆုံး အခြေအနေတခုကို ဖြတ်သန်းနေရတဲ့ ကာလဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဒေါ်လာဈေးမြင့်တက်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်တွေကနေ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလမှ မေလအထိ မြဝတီနယ်စပ်ကနေ ပို့ကုန်ဒေါ်လာ ၁၅ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၂၆သန်းကျော်ရရှိပြီး ကုန်သွယ်မှုအနေနဲ့ ဒုတိယရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အောင်ခန့်