Home
မြန်မာသတင်း
ဘဏ်တွင် ကျပ် သိန်း ၂၀၀ ကျော် ငွေထုတ်လိုသူများ အခက်ကြုံ 
DVB
·
June 27, 2024

မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ ကျပ်သိန်း ၂၀၀ နဲ့ အထက်ငွေထုတ်ရင် ဒီဂျစ်တယ်ငွေကြေး အသုံးပြုရတဲ့အတွက် လုပ်ငန်းလည်ပတ်နေသူတွေအနေနဲ့ အလုပ်ပိုရှုပ်ပြီး ငွေထုတ်ရင်လည်း  အခက်အခဲတွေနဲ့ ကြုံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်တွေ ထုတ်ပြန်လိုက်တဲ့နောက် ပုဂ္ဂလိကဘဏ်တွေမှာ Digital Transaction ( ဒီဂျစ်တယ်ငွေပေးချေမှု) အသုံးပြုပြီးမှသာ ငွေထုတ်ငွေလွှဲလုပ်လို့ရတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေရင် တကြိမ်ကို ကျပ်  ၁၀ သိန်းနဲ့ တရက်ကို သိန်း ၅၀ သတ်မှတ်ထားပြီး လူပုဂ္ဂိုလ်ကနေ  ရွှေဆိုင်၊ အီလက်ထရောနစ်အရောင်းဆိုင်၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေအပါအဝင် ငွေပေးချေရမယ့် ပမာဏကို တရက်ကို အများဆုံး ကျပ် သိန်း ၁၀၀ သတ်မှတ်ထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်ကတော့ ငွေသွင်း ငွေထုတ် လုပ်ငန်းစဉ်တွေများပြားပြီး ငွေသားလိုအပ်ချက်တွေ အမြဲရှိနေတဲ့အတွက် အခုလို ကန့်သတ်လိုက်တဲ့အပေါ် အခက်အခဲတွေကြုံနေရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကြုံခဲ့ရတဲ့အခက်အခဲက construction လုပ်ငန်းတွေကျ ငွေလွှဲ transaction လုပ်ရင် အနည်းဆုံးက ရာဂဏန်းတွေ လုပ်ကြတာကို။ လုပ်တော့ထားပါတော့ clients က သိန်း ၄၀၀ လွှဲလိုက်တယ်ဆိုရင် အစ်ကိုတို့ ကုမ္ပဏီအကောင့်ထဲ သိန်း ၄၀၀ လွှဲလိုက်‌ရောပေါ့၊ လွှဲပြီးရင် အစ်ကိုတို့ ကုမ္ပဏီအကောင့်ထဲကနေ သိန်း ၂၀၀ ထုတ်၊  အစ်ကိုတို့ ကုမ္ပဏီကနေ တခြား transaction တခုကိုလွှဲ၊  လွှဲပြီးတော့မှ အဲဒီ transaction တခုကနေမှ ကြားခံနဲ့ နောက်ထပ် ၂၀၀ ထပ်ထုတ်တာပေါ့နော်၊ သူတို့က စစ်ဘက်ဆိုင်ရာ စစ်ရေးကိုလည်း ဦးစားပေးရတယ် နောက်တခုက စစ်ရေးဦးစားပေးရင်းနဲ့ တဖက်က စီးပွားရေးနဲ့ပတ်သက်တဲ့ နိုင်ငံစီးပွားရေးပေါ်လစီတွေလည်း ခုဖြစ်နေတဲ့ပြဿနာတွေကို ရေတိုကုစားတဲ့ ပေါ်လစီတွေကလည်း အမှားတွေများတာပေါ့ များတော့ အကုန်ဒုက္ခရောက်ကုန်တာပေါ့။”

ကျပ်သိန်း ၁၀၀ နဲ့အထက် ပေးချေမယ်ဆို bank to Bank နဲ့သာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ လည်း ညွှန်ကြားချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် ငွေကျပ်သိန်း ၂၀၀ နဲ့အထပ်ထုတ်ယူမယ်ဆိုရင် ထုတ်ရတဲ့ အကြောင်းအရင်း၊ ငွေအသုံးပြုမယ့်အကြောင်းပြချက်တွေပါ ရေးပေးမှ ငွေထုတ်ပေးပြီး သိန်းထောင် ကျော်ရင် ကြိုတင်အကြောင်းကြားရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အထက်ကတော့ စာထုတ်ပြီး လုံးဝမထုတ်ရလို့ စာထုတ်ထားတာပေါ့။  cash တွေ ထုတ်တဲ့အခါ ဘဏ်တွေ တိုင်ပတ်မှာရော၊ နောက် ဗဟိုဘဏ်က ငွေတွေမလည်ဘူးထင်ပါတယ်။ တော်တော်လေး ငွေကြပ်နေလို့ထင်တယ်၊ digital money နဲ့ သုံးဖို့ စီစဉ်နေပုံရတယ်၊ အခုလက်ရှိက ဟိုတရက်က ပိုက်ဆံသွားထုတ်တာ သိန်း ၂၀၀ ပဲ ၂၀၀ ထုတ်တော့ အဲဒီနေ့က ငွေထုတ်ရခြင်းအကြောင်းအရင်းနဲ့  ဘယ်မှာသုံးဖို့လဲဆို နောက်မှာ ရေးပေးရတယ် reason ပေါ့၊ ဒါပေမဲ့ ထောင်ဂဏန်းကျော်သွားတဲ့ amount ဆိုရင်တော့ သူတို့ကို ကြိုပြီး အကြောင်းကြားရတာမျိုးတွေတော့ ရှိတယ်ပြောတယ်၊ ဘယ်ဘဏ်မှာ ပိုက်ဆံလေးထားပေးပါ စသဖြင့်ကြိုပြောရမယ်လို့ သိထားတယ်။”

ဇွန်  ၁၂ ရက်က ဗဟိုဘဏ်ညွှန်ကြားချက်ထဲမှာတော့ မိုဘိုင်းငွေကြေးအကောင့်တွေမှာလည်း အမြင့်ဆုံးလက်ကျန်ပမာဏ သိန်း ၁၀၀ အထိသာ ချန်ထားဖို့၊  သိန်း ၁၀၀ ကျော်ရင် ဘဏ်စာရင်းနဲ့ချိတ်ဆက်ပြီး နေ့စဉ် ဘဏ်စာရင်းကို ပြောင်းရွှေ့ထားဖို့လည်း ပါရှိပါတယ်။

 ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013