စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိဈာပနပူဇာပွဲကို ဇွန် ၂၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ပဲခူးမြို့မှာကျင်းပရာမှာ မိုးတွေရွာနေတဲ့ကြားက ထောင်သောင်းချီတဲ့ ရဟန်းရှင်လူ ပြည်သူတွေ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလာပ်တော်ကို ဝင်းနိမ္ဗိတာရုံကျောင်းတိုက်ကနေ ဆင်ဖြူကွင်းသုသာန် လောင်တိုက်သို့ ပို့ဆောင်ရာလမ်းကြောင်း တလျှောက်မှာလည်း လမ်းဘေးဝဲယာက မြို့ခံပြည်သူတွေကလည်း ကန်တော့ခဲ့ကြပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇွန် ၁၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ရတာပါ။
စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးပျံလွန်တော်မူသွားတာနဲ့ပတ်သက်လို့ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီးနဲ့ စစ်ကိုင်းစတဲ့ဒေသတွေမှာ ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်နေကြပါတယ်။