Home
ရုပ်သံ
ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်တွင် တိုက်ပွဲဆက်ဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးသူ များလာ၊ ကျပ်ပြင်ရဲစခန်း မီးလောင်
DVB
·
June 27, 2024
Photo - Cj

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကစ တိုက်ပွဲပြင်းထန်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က  အရေးပါတဲ့ ဌာနဆိုင်ရာတွေကို ထိန်းချုပ်ထားပေမဲ့ ဒီမနက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားထိခိုက်ဒဏ်ရာရသူတွေလည်း များပြားနေပါတယ်။

ဇွန် ၂၆ မှာ တိုက်ပွဲပြင်းထန်ပြီး သေဆုံးဒဏ်ရာရသူတွေရှိကြောင်း ပြည်သူတွေက အကူအညီ တောင်းလာပေမဲ့ အခြေအနေရှုပ်ထွေးနေတာကြောင့် ချက်ချင်းသွားရောက် ကူညီနိုင်ခြင်းမ ရှိကြောင်း၊ ဒီကနေ့မနက်မှာ ပစ်ခတ်သံတွေ ငြိမ်သက်စဉ် အရပ်ထဲက အလောင်းတွေ လိုက်ကောက်ပြီး သုသာန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ကျောက်မဲပရဟိတအသင်းဝင်တဦးက DVB ကို  ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရသူတွေ အတော်များပါတယ်။ ကျောက်မဲမြို့ပေါ် ပရဟိတအဖွဲ့နဲ့ နာရေးကူညီမှုအသင်းတွေ ဝိုင်းပြီးသွားသယ်ကြတယ်။ တခြားအဖွဲ့တွေတော့ ဘယ်လောက်သယ်တယ် မသိဘူး။ ကျနော်တို့အဖွဲ့ကတော့ ကနေ့မနက်မှာ ၂၁ လောင်း သင်္ချိုင်းကုန်းကို သွားပို့ပေးခဲ့တယ်။ သေဆုံးသူတွေက အမျိုးသားတွေပါ၊ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၉ က အများဆုံးဖြစ်ပါတယ်။”

တိုက်ပွဲကြားက သွားရောက်သယ်ထုတ်ရတာကြောင့် သေဆုံးသူ ဘယ်သူဘယ်ဝါ ဘယ်ချိန်က သေဆုံးတယ်ဆိုတာ စာရင်း အတိအကျမကောက်နိုင်ကြောင်း၊ မနေ့မနက်ကတော့ ရပ်ကွက် ၂ ထဲက ဒဏ်ရာရသူ ၅ ဦးကို ဆေးရုံပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျောက်မဲဒေသခံတဦးကလည်း မနေ့  ဇွန် ၂၆ ရက် နေ့ခင်းပိုင်းနဲ့ ညနေပိုင်းမှာ လေယာဉ်သံ ကြားတယ်။ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာဖြစ်နိုင်ပြီး  ကျောက်မဲမြို့ပေါ်ရပ်ကွက်က လူနေအိမ်တွေ ပျက်စီးတယ်၊  ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၇ ထဲက ပြည်သူ ၄ ‌ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဒီကနေ့ ဇွန် ၂၇ ရက်မှာ ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲမရှိဘဲ မြို့ရဲ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ဗျူဟာကုန်းဘက်မှာ တိုက်ပွဲပြင်းထန်နေကြောင်း၊ အဆိုပါဗျူဟာကုန်းမှာ စကခ ၅၀၁ နဲ့ ၅၀၂ တို့ရှိပြီး အဲဒီကုန်းကို သိမ်းပြီးရင်တော့ ကျောက်မဲတခုလုံး သိမ်းပိုက်နိုင်ပြီလို့  TNLA နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

ကနေ့မနက်မှာဘဲ အဆိုပါဗျူဟာကုန်းနဲ့ နီးတဲ့ ရပ်ကွက် ၈ ထဲကို လက်နက်ကြီး ၂ လုံးကျပြီး ထိခိုက်ဒဏ်ရာရသူ အခြေအနေမသိရ၊  အလားတူ  ၂ ရပ်ကွက် နမ့်တုံရပ် အိမ်တအိမ်ရဲ့  ရေစင်ကို လက်နက်ထိမှန်ပေါက်ကွဲပြီး သက်ကြီးရွယ်အို ၂ ဦး လက်နက်ကျည်ထိမှန်တယ်လို့  ကျောက်မဲ‌ဒေသခံ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ 

The Ta'ang Post မှာတော့ ဇွန် ၂၅ နဲ့ ၂၆ ရက်တွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရကာ ငြိမ်းချမ်း ရေးကုန်းရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

နောင်ချိုမြို့မှာလည်း ဇွန် ၂၅ ရက်ကစတင်ကာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အရပ်သားသေဆုံးတာရှိနေပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူလူထုတွေ ဘေးကင်းရာကို တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မန္တလေး- နောင်ချို ပြည်ထောင်စုလမ်းမအနီးက ဘန့်ဘွေးရွာနဲ့ နောင်ချိုမြို့ကြားမှာရှိတဲ့ ကျေးရွာပေါင်း ဆယ်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရ ပါတယ်။ နောင်ချိုမြို့ပေါ်မှာတော့ ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်း ၂ ခုက  လွဲရင်ကျန်တဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုရှိတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တဦးက ပြောပါတယ်။

နောင်ချိုမြို့က စစ်ဘေးရှောင်တွေဟာ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေဘက်ကို တိမ်းရှောင်တာရှိသလို ဘေးလွတ်ရာကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

တဆက်တည်းမှာပဲ နောင်ချိုမြို့အပြင် ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တွေမှာလည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအဖြစ် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်ရှိ ကျပ်ပြင်ရဲစခန်း ဇွန် ၂၇ ရက် ညနေ ၃ နာရီက မီးလောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က ကျပ်ပြင်ရဲစခန်းကို TNLA တပ်တွေက ဇွန် ၂၇ ရက် မနက်ပိုင်းကစတင်ပြီး တိုက်ခိုက်ခဲ့ပြီးနောက် ညနေဘက်မှာ ရဲစခန်းဝင်းအတွင်းကနေ မီးခိုးတွေ မြင်နေရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အခုပဲ စခန်းမီးလောင်နေပြီ၊ မီးစာတွေမြင်နေရတယ်၊ မီးခိုးတွေလည်း လုံးတက်လာတယ်။”

မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၇ ရက် မနက်ပိုင်းက စတင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့သလို လက်နက်ကြီး ကျတာကြောင့် ကျပ်ပြင်ရပ်ကွက် နေအိမ်တလုံး မီးလောင်ပျက်စီးနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့၊ ကသဲရပ်ကွက်က နေအိမ်အပေါ် ဇွန် ၂၇ ရက် နေ့ခင်းပိုင်းက လက်နက်ကြီး ကျတာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013