ပို့ကုန်ရငွေ ဒေါ်လာ ၅ သိန်းနဲ့ အထက် ပြန်လည် ဝင်ရောက်ဖို့ ကျန်နေတဲ့ ကုမ္ပဏီပေါင်း ၂၈ ခုကို စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဇွန်လ ၂၆ ရက်မှာ နာမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
ပြည်ပကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ပို့ကုန်ရငွေတွေကို ကုမ္ပဏီရဲ့ ပြည်တွင်း ဘဏ်စာရင်းထဲကို သတ်မှတ်ချိန်အတွင်း ပြန်လည်ထည့်သွင်းဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာပါ။
စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်ဟာ ပို့ကုန်တင်ပို့သူတွေဟာ ပို့ကုန်ရငွေတွေကို နိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်စာရင်းထဲကို မပျက်မကွက် ထည့်သွင်းဖို့ သတ်မှတ်ထားပြီး အာရှနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် ပို့ကုန်ရငွေကို ၄၅ ရက်အတွင်း၊ အာရှ မဟုတ်တဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်ရငွေကို ရက် ၉၀ အတွင်း ပြန်လည်ထည့်သွင်းရမှာ ဖြစ်ပါတယ်။
၂၀၂၃ ဒီဇင်ဘာမှာတော့ ကာလသတ်မှတ်ချက်ကို အာရှနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် ၃၀ ရက်၊ အာရှမဟုတ်တဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် ၆၀ ရက် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
ဒေါ်လာ လိုအပ်နေတဲ့ စစ်ကောင်စီဟာ ပြည်တွင်းကို ဒေါ်လာဝင်ရောက်လာစေဖို့ ပို့ကုန်ဝင်ငွေတွေကို ပြန်လည်ထည့်သွင်းဖို့ ကုမ္ပဏီတွေကို ကြီးကြပ်နေပြီး ၂၀၂၁ ခုနှစ်ကစပြီး ပို့ကုန်ဝင်ငွေ ပြန်လည်ထည့်သွင်းခြင်း မရှိသေးတဲ့ ရာချီတဲ့ ကုမ္ပဏီတွေကို သတင်းစာထဲမှာ အကြိမ်ကြိမ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အရင်ကလည်း စစ်ကောင်စီဟာ ကုမ္ပဏီတချို့ကို ပို့ကုန်ဝင်ငွေ ပြန်လည်ဝင်ရောက်ဖို့ ပျက်ကွက်မှုနဲ့ ကုမ္ပဏီတွေကို အရေးယူပြီး ကုမ္ပဏီဘုတ်အဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း သွင်းခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။
အလားတူပဲ ဇူလိုင် ၂၄ ရက်မှာလည်း စားအုန်းဆီလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ ၈ ခုကိုလည်း စားအုန်းဆီတင်သွင်းရာမှာ မသမာမှုလုပ်ခဲ့တယ်ဆိုပြီး အမည်ပျက်စာရင်း သွင်းခဲ့ပါသေးတယ်။
အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီ ၈ ခုထဲမှာ စစ်ကောင်စီနဲ့ နီးစပ်တယ်လို့ သတင်းထွက်တဲ့ ဦးဇော်ဝင်းရှိန်ပိုင် ဧရာဟင်္သာကုမ္ပဏီလည်း ပါဝင်ပါတယ်။