Home
မြန်မာသတင်း
ဖားကန့် ဆယ်ဇင်းကျေးရွာသားများ နေရပ်မပြန်နိုင် ၊ စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သေး
DVB
·
June 27, 2024

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ် သင်ကြားပေးနေပေမဲ့ ဆယ်ဇင်းကျေးရွာမှာတော့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးတာကြောင့် စာသင်ကျောင်းဖွင့်လှစ် သင်ကြားနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခန်ကျေးရွာ၊ ဆယ်ဇင်းကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက် အဲဒီကျေးရွာတွေနဲ့ တဆက်တည်းရှိကြတဲ့ ဆိုင်းဖရာ၊ ခွမ်ဆိုင်ဇွပ်၊ တံတားညီနောင်၊ ကပ်မှော်၊ ပျားအုံ၊ ဆဘော့နဲ့ မနော့ စတဲ့ ကျေးရွာတစ်ခုလုံး KIO ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

အဲဒီကျေးရွာတွေမှာ ဒီနှစ် ဇွန်လကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ရဲ့ အုပ်ချုပ်မှု ယန္တရားလက်အောက်မှာ စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပေမဲ့ ဆယ်ဇင်းကျေးရွာမှာတော့ ဒေသခံတွေ နေရပ်ပြန်လာခြင်းမရှိသေးတာကြောင့် စာသင်ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတဦးက “KIA က သိမ်းပိုက်ထားပြီးတော့ ဖြစ်တယ်။ ဒါပေမဲ့ ရွာသားတွေ ပြန်နေလို့ မရသေးဘူးဆိုတာက တဖက်ကမ်းမှာ SNA နဲ့ အရမ်းနီးတဲ့အတွက်ကြောင့်လေ။ ရွာထဲကို ဒရုန်းနဲ့လာလာပစ်တာ။ အဲ့လိုတွေဖြစ်တော့ ရွာသားတွေလည်း ရွာထဲ ပြန်မနေရဲကြတာပေါ့။ သိမ်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ အများစုကတော့ တာမခန်၊ ဟောင်ပါးဘက်ကို ရှောင်ကြတာ။ စစ်ရှောင်ကလေးတွေက သူတို့သွားရှောင်တဲ့ ရွာတွေထဲက ကျောင်းမှာပဲ တက်ကြတာ။ တာခန်၊ ဟောင်ပါးစတဲ့ အနီးအနားရွာတွေက ကျောင်းတွေမှာ တက်ကြတာပေါ့”လို့ ပြောပါတယ်။

ဆယ်ဇင်းကျေးရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ဖားကန့်မြို့ အနောက်တောင်ဘက် မိုင် ၄၀ အကွာမှာရှိတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ကျေးရွာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လဆန်းပိုင်းလောက်က KIA နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်နဲ့ SNA တပ်တွေရဲ့ မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ကနေ ၄၀၀ ကြား မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူတချို့လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဆယ်ဇင်းကျေးရွာ ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ၂၀၂၄ ဧပြီ ၉ ရက်ကစပြီး KIA က စစ်ကောင်စီတပ်စခန်းကို တပတ်ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဆယ်ဇင်းကျေးရွာ ဒေသခံပြည်သူအများစုကတော့ ၂၀၂၂ မှာ ရွာမီးရှို့ဖျက်ဆီးခံရကတည်းက နေရပ်မပြန်ကြသေးတာဖြစ်ပြီး နေရပ်ပြန်ကြတဲ့ ပြည်သူတချို့ကလည်း အခုနှစ် တိုက်ပွဲပြန်ဖြစ်ပွားတဲ့ ဧပြီလဆန်းပိုင်းကတည်းက စစ်ဘေးရှောင်နေကြတာဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

ဒေသခံတဦးက “SNA ဘက်ကလည်း အင်အားတော်တော်များတယ်လို့ သိရတယ်။ ဆယ်ဇင်းရွာမှာက မနေရဲကြသေးဘူး။ တိုက်ပွဲတော့ ဖြစ်လာမယ် ထင်တာပဲ။ ဖြစ်လာမှာကိုလည်း စိုးရိမ်ကြလို့ မပြန်ကြသေးတာပေါ့။ SNA တွေကို ရွာနဲ့ ဝေးဝေးကို တိုက်ထုတ်နိုင်မှပဲ ရွာသားတွေက ရွာထဲ ပြန်ဝင်နိုင်ကြမှာ။ တရက်‌တော့ ရွာကို ပြန်လည်ထူထောင်ဖို့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိ KIO ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ နေရာတွေမှာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေအပါအဝင် ကျောင်းပေါင်း ၄၀၀ကျော်အထိ ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

KIO က လက်ရှိ ဖွင့်လိုက်တဲ့ စာသင်ကျောင်းတွေမှာ သင်ကြားရေးဆရာတွေအဖြစ် CDM ဝန်ထမ်းတွေကို ဦးစားပေးခန့်အပ်ပေးနေတာဖြစ်ပြီး ဝန်ထမ်းလုံလောက်မှုမရှိတဲ့ ကျေးရွာတွေ မှာတော့ သင်ကြားရေးဆရာနေရာမှာ မိဘတွေကိုခန့်ပြီး စာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013