ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်သားတွေ စခန်းဆုတ်ခွာ ထွက်ပြေးသွားပြီလို့ CDF-CDM -Siyin တပ်ဖွဲ့ကနေ သိရပါတယ်။
သိုင်းငင်းရွာမှာ အထိုင်ချဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေကို ချင်းပြည်ပူးပေါင်းကာကွယ်ရေးတပ်တွေရဲ့ ဆက်တိုက်ဖိအားပေးမှုကြောင့် ဇွန် ၂၆ ရက်က သိုင်းငင်းကို စွန့်ခွာထွက်ပြေးသွားပြီး ဇွန် ၂၇ ရက်မှာ ခိုင်ကမ်းမြို့ရှိ ရဲစခန်းကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်ကတည်းက တီးတိန်ဘက်က စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော် စီးယင်းဒေသဘက်ကို ရောက်ရှိလာပြီး ဇွန် ၂၁ ရက်မှာ သိုင်းငင်းရွာက ဆုတောင်းတောင်ရိပ်သာတွေမှာ စခန်းပြန်ထိုင်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
CDF-CDM Siyin တာဝန်ရှိသူက “ဇွန်လ ၂၁ ရက်နေ့မှာ သိုင်းငင်းကိုရောက်လာပြီး သိုင်းငင်းနဲ့ ကနေဒီအကြားမှာ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်လို့ စကစဘက်က အထိနာပြီး သိုင်းငင်းကရွာတွေကိုလည်း မီးရှို့ခဲ့တယ်။ ဇွန်လ ၂၃ မှာလည်း သိုင်းငင်းရွာက အိမ်တွေနဲ့ ဘုရားကျောင်း၊ စာသင်ကျောင်းတွေကိုလည်း မီးရှို့ခဲ့ပါတယ်။ ကာကွယ်ရေးဘက်က ဒရုန်းနဲ့ ဆက်တိုက်ဖိအားပေးတာကို မခံနိုင်တဲ့အဆုံးတော့ ၂၆ ရက်နေ့မှာ တောလမ်းကနေ ခိုင်ကမ်းရဲစခန်းကို ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့တဲ့အတွက် လူနေအိမ်ခြေ ၄၀ ရှိတဲ့ သိုင်းငင်းရွာက လူနေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ပိုင်ရှင်တွေကို အသေးစိတ် စာရင်းကောက်ပြီး ကူညီထောက်ပံ့သွားမယ်လို့ CDF-CDM Siyin တပ်ဖွဲ့ကနေ သိရပါတယ်။