Home
နိုင်ငံတကာ
သေဒဏ်ခြိမ်းခြောက်မှုထုတ်ပြန်ပြီးနောက် တရုတ်ကို ခရီးမသွားရန် ထိုင်ဝမ် သတိပေး
DVB
·
June 28, 2024
Photo -REUTERS

တရုတ်နိုင်ငံဟာ ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံသူတွေကို သေဒဏ်ပေးမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုင်ဝမ်အစိုးရဟာ တရုတ်နိုင်ငံအတွက် ခရီးသွားလာမှုသတိပေးချက်ကို ဇွန် ၂၇ ရက်ထုတ်ပြန်ခဲ့ပြီး မလိုအပ်ဘဲ မသွားကြဖို့လည်း သူ့နိုင်ငံသားတွေကို ညွှန်ကြားခဲ့ပါတယ်။

လတ်တလောနှစ်ပိုင်းတွေမှာ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုတို့မှာ သက်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေနဲ့ စည်းမျဉ်းတွေကို တချိန်လုံး တိုးမြှင့်ပြင်ဆင်နေတာကြောင့် တရုတ်ပြည်မကြီးကို သွားရောက်ကြတဲ့ ထိုင်ဝမ်နိုင်ငံသား အများအပြားဟာ တရားမ၀င် ဖမ်းဆီးစစ်ဆေး မေးမြန်းခံကြရပါတယ်။

ဒါကြောင့် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို ခရီးသွားသတိပေးချက် ဇွန် ၂၇ ရက်က စပြီး လိမ္မော်ရောင်အဆင့် သတိပေးချက်အဖြစ် မြှင့်တင်ထားပြီး အဲဒီဒေသတွေကို မလိုအပ်ဘဲ ခရီးသွားခြင်းကို ရှောင်ကြဉ်ကြဖို့ အကြံပြုပါကြောင်း ထိုင်ပေမြို့မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ထိုင်ဝမ်ရဲ့ ပြည်မကြီးရေးရာကောင်စီ ပြောရေးဆိုခွင့်ရှိသူ လျန်ဝမ်ချေ့ က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်ဟာ ဥပဒေလမ်းညွှန်ချက်အသစ်တွေကို ထုတ်ပြန်ကြေညာခဲ့ရာမှာ အပြင်းထန်ဆုံးအမှုတွေမှာ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေကို ဖောက်ပြန်ရေးသမားတွေလို့ သတ်မှတ်ပြီး သေဒဏ်ပေးမယ်လို့ ပေကျင်းက ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ခုလိုထုတ်ပြန်လိုက်တာပါ။

အဲဒီလမ်းညွှန်ချက်တွေဟာ တရုတ်နိုင်ငံကို သွားရောက်ကြတဲ့ ထိုင်ဝမ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ဆိုးရွားတဲ့ခြိမ်းခြောက်မှုကို ကိုယ်စားပြုနေကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ သူ့ရဲ့အမျိုးသားလုံခြုံရေးဥပဒေတွေကို အားကောင်းစေဖို့ လုပ်ဆောင်နေတာ လို့လည်း ဆိုပါတယ်။

တရုတ်ရဲ့ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နဲ့ သူ့အစိုးရအဖွဲ့ အပြင် အမေရိကန် ပြည်ထောင်စုတို့က ရှုတ်ချခဲ့ကြပြီး တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ခွဲထွက်ရေးလို့ စွပ်စွဲခံထားရတဲ့ ထိုင်ဝမ်နိုင်ငံသားတွေကို ပြည်ပကိုလွှဲအပ်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနိုင်မလားလို့ မေးမြန်းရာမှာတော့ လျန်က ခွဲထွက်ရေး ရာဇ၀တ်မှုလို့ ခေါ်တဲ့ နိုင်ငံရေးရာဇ၀တ်မှုဟာ တခြားနိုင်ငံတွေမှာမရှိဘဲ တရုတ်အတွက်သာ နိုင်ငံရေးရာဇဝတ်မှု ဖြစ်နေကြောင်းနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒီလိုတောင်းဆိုမှုမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူးလို့ ဖြေကြားသွားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013