အမေရိကန်တောင်ပိုင်းနယ်စပ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အရေးယူဆောင်ရွက်ချက်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အတွက်အချက်ကို ပြောင်းစေတယ်လို့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးက ဇွန် ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဟာ အရီဇိုးနားပြည်နယ်၊ တူဆွန်မြို့တောင်ပိုင်းနယ်စပ်မှာ ကျင့်သုံးရမယ့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးဆိုင်ရာ အသေးစိတ် ရှင်းလင်း ညွှန်ကြားချက်တရပ်ကို ဇွန် ၂၆ ရက်က လက်ခံရရှိခဲ့ပါတယ်။
ဝန်ကြီးအလီဟန်ဒရိုမာယိုကက်စ်က “တောင်ပိုင်းနယ်စပ်တခွင်မှာ နယ်ခြားစောင့်တပ်တွေနဲ့ ထိပ်တိုက်ဆုံတွေ့တာမျိုး ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါပြီ။ နိုင်ငံသားမဟုတ်သူတွေ ဒီမှာနေဖို့ ဥပဒေအရ အခွင့်မရှိတဲ့လူတွေကို နောက်ထပ် ဖယ်ရှားနေပါတယ်၊ ဖယ်ရှားတဲ့နှုန်းက နှစ်ဆနီးပါး တိုးလာပါပြီ။ တူဆွန်မြို့ထဲနဲ့ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ နယ်ခြားစောင့်ရဲတွေ နိုင်ငံသားမဟုတ်သူတွေကို တိုက်ရိုက် ဖယ်ရှားနေတယ်။ သီတင်းပတ် သုံးပတ်အတွင်း နိုင်ငံပေါင်း ၂၀ ကျော်ဆီ အပြည်ပြည်ဆိုင်ရာနေရပ်ပြန် ခရီးစဉ် ၁၀၀ ကျော်အတွင်း လူပေါင်း ၂၄၀၀၀ ကျော်ကို ပြန်ပို့ပေးခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဏာပိုင်တွေက အနောက်တောင်နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတာတွေ သတ်မှတ် ထားတဲ့ အဆင့်ထက်ကျော်လွန်လာရင် အနောက်တောင်ဘက် နယ်စပ်ကနေ ဖြတ်ကူးလာတဲ့ ဖမ်းမိသူ ရွှေ့ပြောင်းနေထိုင်သူတွေကို မက္ကဆီကိုနိုင်ငံဆီ အမြန်ပြန်ပို့ဖို့ ခွင့်ပြုတဲ့ ညွှန်ကြားချက်ကို သမ္မတ ဘိုင်ဒန်က ဇွန်လအစောပိုင်းမှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ခိုလှုံခွင့် တောင်းခံခွင့်ကို ကန့်သတ်မယ့် ဆောင်ရွက်ချက်ဟာ အမေရိကန် နယ်ခြားစောင့်တပ်တွေက ဖမ်းမိတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်သူဦးရေ တရက်ကို ၂,၅၀၀ ကျော်သွားတဲ့အခါမှာ အသက်ဝင်မှာ ဖြစ်ပါတယ်။
Source-Reuters