ဥရောပသမဂ္ဂ (EU) နဲ့ ယူကရိန်းတို့ဟာ ဘရပ်ဆဲလ်မှာ ဇွန် ၂၇ ရက်က ပြုလုပ်တဲ့ ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးမှာ လုံခြုံရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မစ်ချဲနဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒယ်လေယန် တို့နဲ့အတူ လုံခြုံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
စာရွက်စာတမ်းတွေအရ EU နဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ အခုထိ ယူကရိန်းကို ယူရို ၁၀၈ ဘီလီယံနီးပါးအထိ စုပေါင်းထောက်ပံ့ ကူညီထားပါတယ်။
EU ဟာ ယူကရိန်းနဲ့ သူ့ပြည်သူတွေအတွက် နိုင်ငံရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူသားချင်း စာနာထောက်ထားမှု၊ စစ်ရေးနဲ့ သံတမန်ရေးရာ အထောက်အပံ့တွေ အားလုံးကို လိုအပ်သမျှ ကာလပတ်လုံး ဆက်လက်ပေးအပ်သွားဖို့ သန္နိဋ္ဌာန်ချထားကြောင်းလည်း အဲဒီစာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။
သဘောတူညီချက်အရ EU ဟာ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ပွားများလာတဲ့ အထူးဘဏ္ဍာငွေကြေးတွေကို ယူကရိန်းကို ထောက်ပံ့ရာမှာ အသုံးပြုဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် ယူကရိန်းဟာ သူ့ရဲ့ EU ဆီ ဦးတည်တဲ့ လမ်းကြောင်းနဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ဆောင်သင့်ပြီး ရရှိလာတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အစီအမံတွေကို အားကောင်းစေသင့်ကြောင်းလည်း သဘောတူညီချက်ထဲမှာ အလေးပေး ဖော်ပြထားပါတယ်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒယ်လေယန် ကလည်း သူ့ရဲ့ X ဆိုရှယ်ပလက်ဖောင်းမှာ လက်နက်တွေ၊ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ယူကရိန်း လိုအပ်နေတဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ကြောင်း ကတိပြု ရေးသားထားပါတယ်။
ယူကရိန်းနဲ့ EU အကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဟာ ဥရောပအတွက် သမိုင်းဝင်ရွေးချယ်မှုတခုဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက မှတ်ချက်ပြုခဲ့ပါတယ်။
EU ဟာ ယူကရိန်းကို ခဲယမ်းမီးကျောက်တွေနဲ့ တာဝေးပစ် လေကြောင်းဖျက် လက်နက်တွေကို အမြန်ဆုံး ပံ့ပိုးပေးနိုင်ဖို့နဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အားကောင်းလာစေဖို့ မျှော်လင့်ကြောင်းလည်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ စုပေါင်းကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ခြင်း မရှိပေမဲ့ လက်နက်နဲ့ တခြား စစ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။
Source-Reuters