မြန်မာနိုင်ငံဘက်ကို တရားမဝင်ခိုးသွယ်ထားတဲ့ အင်တာနက်လိုင်းကြိုးတွေကို ဇွန် ၂၈ ရက်မှာ ထိုင်းတာဝန်ရှိသူတွေက စစ်ဆေးသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဖုတ်ဖမြို့ ကျောက်ခက်ရွာ ဥယျဉ်ခြံတခုကနေ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာဘက်ကို မြေအောက်ကနေ သွယ်ထားတဲ့ အင်တာနက်လိုင်းကြိုးတွေအား ထိုင်းစစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေက တွေ့ရှိသိမ်းဆည်းခဲ့တာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါအင်တာနက်ကြိုးတွေဟာ မြန်မာနိုင်ငံဘက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) အတွက် သွယ်တန်းထားတာလို့ ယူဆရကြောင်း ဆိုပါတယ်။
ထိုင်းတာဝန်ရှိသူတွေက ဇွန် ၂၈ ရက် တရက်တည်း မြန်မာ-ထိုင်းနယ်စပ် ၅ နေရာမှာ အင်တာနက်ကြိုးတွေကို တွေ့ရှိခဲ့ပြီး သွယ်တန်းထားတဲ့သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကျားဖြန့်ဂိုဏ်းရဲ့ ထိုင်းအင်တာနက်လိုင်းတွေကို ရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာပါ။
မူးယစ်ဆေး၊ လောင်းကစား စတာတွေ လုပ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာဘက်ခြမ်း ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်းစပ်မှာရှိပြီး ထိုင်းဘက်ကနေ အင်တာနက်လိုင်း ဆက်သွယ်ထားတာကြောင့် ထိုင်းတာဝန်ရှိသူတွေက မေ ၁၅ ရက်ကစပြီး ကွင်းဆင်းစစ်ဆေးနေတာလို့ သိရပါတယ်။