အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဆိုက်ဘာရာဇဝတ်မှု လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ထိုင်ဝမ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၁၀၃ ဦးကို အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတဦးက ဇွန် ၂၈ ရက်မှာ ပြောပါတယ်။
ဇွန် ၂၆ ရက်က လူလိမ်တွေကို ဖမ်းမိတဲ့ စစ်ဆင်ရေးဟာ အခုနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောကြားခဲ့ပါတယ်။
ဘာလီကျွန်းရဲ့ မာ့ဂဲလ် ခရိုင်ခွဲ တာဘက်နမ် နယ်မြေက ဗီလာတခုမှာ လူလိမ်ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၁၀၃ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ သူတို့ ၁၀၃ ဦးစလုံးက ထိုင်ဝမ်နိုင်ငံသားတွေဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဘာလီ လူဝင်မှုကြီးကြပ်ရေးဒါရိုက်တာ ဆက်ဖာ မိုဟာမဒ် ဂိုဒမ်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့တွေဟာ ဗီလာမှာ တည်းခိုပြီးတော့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပြီး ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်တဲ့ လှုပ်ရှားမှုတွေလို့ သံသယ ရှိနေကြတယ်လို့လည်း ပြောပြီး လက်တော့ပ်တွေနဲ့ router တွေကိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ပြသခဲ့ပါတယ်။
ရာဇဝတ်မှုကိုတော့ လိမ်လည်လှည့်ဖြားမှုလို့ သံသယရှိပြီး ပစ်မှတ်မှာ အင်ဒိုနီးရှား နိုင်ငံသားတွေ မဟုတ်ဘဲ ပြည်ပကလူတွေဖြစ်တယ်လို့ ဂိုဒမ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေကတော့ သူတို့ကို သိပ်မကြာခင်မှာပဲ ပြည်နှင်ဒဏ် ပေးလိမ့်မယ်လို့ ဂိုဒမ်က သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေရဲ့ တရားဝင်ကိုယ်စားလှယ် ရှေ့နေတွေကိုတော့ ရိုက်တာက အဆက်အသွယ် မရခဲ့ပါဘူး။
Source-Reuters