စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်-ဗန်းမောက်လမ်းပေါ်က နံ့သာ စစ်ကောင်စီတပ်စခန်းကို အင်းတော်မြို့နယ်(ပကဖ)၊ KIA နဲ့ ကသာ တပ်ရင်း ၂ ပူးပေါင်း တပ်ဖွဲ့တွေက ဇွန် ၂၈ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းပိုက်ပွဲကို ဇွန် ၂၇ ရက်နေ့ ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်း သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အင်းတော်မြို့နယ် PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။
“မနေ့ည (ဇွန် ၂၇) မိုးအရမ်းရွာတဲ့အချိန်ကနေ ဖြစ်နေတာ။ ဒီနေ့မနက် ၉ နာရီလောက်တော့ စခန်းအားလုံးကိုရပြီလို့ ကြားရတယ်။ အဲနောက် မနက် ၁၀ နာရီလောက် လေယာဉ်နဲ့ လာပစ်သွားတယ်”လို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဆေဆုံးမှုရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။
နံ့သာ စစ်ကောင်စီတပ်စခန်းက တပ်သား ၇ ယောက် ကတော့ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ အင်းတော် PDF တပ်သားတွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းကို ဇွန် ၂၂ ရက်နေ့က စတင်တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတဲ့ ပြည်သူ ၂၀ ဝန်းကျင်ရှိလာပြီလို့ အင်းတော်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“၂၂ ရက်နေ့ညက လေယာဉ်နဲ့ပစ်လို့ ၁၅ ယောက်လောက် သေသွားတယ်။ အဲမှာ တချို့က ဒဏ်ရာပြင်းထန်တာတွေရော ရှိတယ်။ တချို့ကိုတော့ အင်းတော်ကို ပို့လိုက်နိင်တာရှိတယ်။ တချို့က ဒဏ်ရာတွေနဲ့ ဆုံးသွားတာရှိတယ်။ ရွာကနေ မထွက်နိင်သေးလို့ ထပ်ထိတဲ့သူရော ရှိတယ်လို့ ကြားနေတယ်။ သေဆုံးတဲ့သူက ၂၀ ဝန်းကျင်ရှိလာပြီလို့ ကြားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အင်းတော်မြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ သက်ကယ်ကုန်းရွာမှာ ခံစစ်ပုံစံ စခန်းချထားပြီး သက်ကယ်ကုန်းရွာက ပြည်သူ ၁၀၀ ဝန်းကျင်းကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်ထားတယ်လို့ အင်းတော်မြို့ခံတွေဆီက သိရပါတယ်။
အင်းတော်မြို့ကနေ ၁၀ မိုင်အကွာမှာရှိတဲ့ နံ့သာရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဇွန် ၂၂ ရက်နဲ့ ၂၃ ရက်နေ့တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။