Home
နိုင်ငံတကာ
အမေရိကန်က အစ္စရေးကို ဒေါ်လာသန်း ၆၅၀၀ တန်ဖိုးရှိ လက်နက်များ ပေးပို့ခဲ့
DVB
·
June 29, 2024
Photo -REUTERS

ဂါဇာမှာ စစ်ပွဲစပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ အစ္စရေးကို ပေါင် ၂,၀၀၀ ဗုံး တသောင်းကျော် အပါအဝင် လက်နက်ခဲယမ်းအမြောက်အများပေးပို့ခဲ့တယ်လို့ လက်နက်စာရင်းကို သိရှိထားတဲ့ တာဝန်ရှိသူ ၂ ယောက်ကို ကိုးကားပြီး  ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

အမေရိကန်ဟာ MK-84 အမျိုးအစား ပေါင် ၂,၀၀၀ ဗုံး ၁၄,၀၀၀၊ ပေါင်  ၅၀၀ ဗုံး ၆၅၀၀၊ Hellfire ပဲ့ထိန်းဝေဟင်က မြေပြင်ပစ် ဒုံးကျည် ၃,၀၀၀၊ ဘန်ကာခွင်းဗုံး ၁,၀၀၀၊ ထိခိုက်နယ်မြေကျဉ်း ဝေဟင်ဗုံး ၂,၆၀၀  နဲ့ အခြားလက်နက်ခဲယမ်းတွေ  အစ္စရေးကို ပေးပို့ခဲ့တယ်လို့ အမည်မဖော်တဲ့ အရာရှိတွေက ပြောပါတယ်။ 

နိုင်ငံတကာက အစ္စရေးကို အမေရိကန်ရဲ့ လက်နက်တင်ပို့မှု ကန့်သတ်ဖို့တောင်းဆိုနေသလို  အင်အားကြီးဗုံးတွေ အစ္စရေးကို ပို့တာ ယာယီရပ်ဆိုင်းဖို့  ဘိုင်ဒင်အစိုးရ မကြာသေးမီက ဆုံးဖြတ် ထားခဲ့ပါတယ်။ 

ဒါပေမဲ့ ဟားမတ်စ်နဲ့ စစ်ဖြစ်ပြီးနောက်ပိုင်း အမေရိကန်ရဲ့ အစ္စရေးအပေါ် လက်နက်အထောက်အပံ့ ဘယ်လောက် အားကောင်းခဲ့သလဲဆိုတာ သိရှိရတဲ့ စာရင်းဇယားတွေက ဖော်ပြနေပါတယ်။ 

အခု သိရှိရတဲ့ စာရင်းဟာ အပြည့်အစုံမဟုတ်သေးဘဲ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက် နောက်ပိုင်း အစ္စရေးကို ပေးပို့တဲ့ အကူအညီဟာ ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ အထိရှိတယ်လို့ ဘိုင်ဒင်အစိုးရ တာဝန်ရှိသူ တဦးက အတည်ပြုပါတယ်။ 

ပြီးခဲ့တဲ့အပတ်တွေအတွင်း အမေရိကန်က လက်နက်ပေးပို့မှု တချို့ နှောင့်နှေးထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ငြီးတွားခဲ့ပါတယ်၊ 

ဒါပေမဲ့ ပေါင် ၂,၀၀၀ ဗုံး ပေးပို့မှု တကြိမ်ကိုသာ ဆိုင်းငံ့ခဲ့တာဖြစ်ပြီး တခြားလက်နက်ပေးပို့မှုတွေ အားလုံး ပုံမှန်ဆက်သွားနေတယ်လို့ဆိုပါတယ်။ 

ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းသေဆုံးမှုဟာ ၃၇,၀၀၀ ကျော်သွားပြီဖြစ်ပြီး ကမ်းမြောင် တခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013