ဟိမဝန္တာဒေသမှာ မြစ်ကြောင်းတိုက်စားမှုကြောင့် ဧဝရက်တောင်ဟာ ၁၅ ကနေ ၅၀ မီတာ အထိ မြင့်လာတယ်လို့ လေ့လာမှုတခုမှာ ဖော်ပြပါတယ်။
တောင်ခြေက ကျောက်ဆောင်တွေနဲ့ မြေသားကို အရုန်မြစ်က တိုက်စားလာတာကြောင့် တောင်ကို အပေါ်ပင့်တင်လာသလို ဖြစ်စေတယ်လို့ လေ့လာမှုက ဖော်ပြပါတယ်။
၄၇ မိုင်အကွာ အရုန်မြစ်ဝှမ်းက မြေထုဆုံးရှုံးမှုကြောင့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဟာ တနှစ်ကို ၂ မီလီမီတာ မြင့်တက်လာတယ်လို့ ယူနီဗာစီတီကောလိပ်လန်ဒန် (UCL) က သုတေသနပညာရှင်တွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ် သန်း ၄၀ - ၅၀ က အိန္ဒိယ ကျောက်ချပ်နဲ့ ယူရေးရှားကျောက်ချပ်တို့ တိုးတိုက်မိတဲ့ ဖိအားကြောင့် ဟိမဝန္တာဖြစ်ပေါ်လာခဲ့တာဖြစ်သလို ဆက်လက်မြင့်တက်လာရတဲ့ အဓိက အကြောင်းရင်းလည်းဖြစ်ပါတယ်။
ဒါပေမဲ့ အရုန်မြစ်ဟာလည်း တောင်မြင့်တက်လာရခြင်းရဲ့ ပံ့ပိုးတဲ့ အကြောင်းတရားတခု ဖြစ်လာတယ်လို့ဆိုပါတယ်။
အရုန်မြစ်ဟာ ဟိမဝန္တာကို ပတ်စီးနေတာဖြစ်တဲ့အတွက် ပုံမှန်မြစ်ကြမ်းပြင်ကို တိုက်စားမှုဟာ ဒီနေရာမှာတော့ ကမ္ဘာ့မြေမျက်နှာပြင်အပေါ်လွှာကို တိုက်စားရာရောက်သွားပါတယ်။ အဲဒီအခါ အပေါ်လွှာ အောက်ကာ ကြားလွှာအပေါ် ဖိအားလျော့သွားပြီး ပါးလွှာတဲ့ အပေါ်လွှာက ပျော့သွားပြီး အပေါ်တက်လာတာဖြစ်ပါတယ်။
အဲဒီသက်ရောက်မှုကို isostaic rebound လို့ခေါ်ပါတယ်။ အဲဒီလို အပေါ်ကို တွန်းတင်တဲ့ အားကြောင့် ဧဝရက်နဲ့ အနားက စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် အမြင့်ဆုံးတာင်ထိပ်တွေပါ ပိုမြင့်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ဘူမိဗေဒပညာရှင်တွေကတော့ ဒီသီအိုရီဟာ ဖြစ်နိုင်ပေမဲ့ လေ့လာမှုထဲမှာ မရေရာတဲ့အချက်တွေ ရှိနေသေးတယ်လို့ သုံးသပ်ပါတယ်။
Source-Reuters