Homeမြန်မာသတင်း
မအူပင်မြို့နယ်အတွင်း ကျေးရွာအချို့ မြစ်ရေတိုက်စားပြီးတာကျိုးမှာကို ဒေသခံများ စိုးရိမ်
မအူပင်မြို့နယ်အတွင်း ကျေးရွာအချို့ မြစ်ရေတိုက်စားပြီးတာကျိုးမှာကို ဒေသခံများ စိုးရိမ်
DVB
·
August 5, 2020
ဧရာဝတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အောက်ထုံးကျေးရွာအုပ်စုအပါအဝင် ကျေးရွာတချို့မှာ မြစ်ရေတိုက်စားပြီး ကာရံထားတဲ့တာတမံပေါက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
မိုးရာသီကာလ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးတွေ တဖြည်းဖြည်းပြိုကျလာရင်း တာကျိုးပေါက်မယ့် အနေအထားသို့ ရောက်ရှိလာလို့ ဒေသခံ ပြည်သူတွေက စိုးရိမ်ပူပန်လာတာဖြစ်တယ်လို့ အဆိုပါကျေးရွာနေ ဘုန်းတော်ကြီးက မိန့်ပါတယ်။
"အရင်ကဆိုရင် မိုးတွင်းကာလ မရောက်ခင် တာဝန်ရှိသူတွေ လာကြည့်တယ်၊ ပြီးရင် လိုအပ်ရင် တာအသစ်ထပ်မံလုပ်ပေးတာရှိတယ်၊ ဒီနှစ်က မိုးတွင်းရောက်တော့ မြစ်ရေတိုက်စားလို့ ပြိုလာတာ တဖြည်းဖြည်းနဲ့တာနဲ့ ပိုနီးလာတယ်၊ ဒီအခြေအနေကို တာဝန်ရှိသူတွေကို သိစေချင်တာပါ"လို့ ပြောပါတယ်။
လက်ရှိအနေထားမှာ တာကျိုးပေါက်မယ့် အနေထားကို စိတ်ပူပြီး နေအိမ်ဖျက်ကာ ရွှေ့ပြောင်းဖို့ ပြုလုပ်နေတဲ့ နေအိမ်အလုံး ၅၀ ခန့်ရှိပြီး တချို့ကလည်း တာခြေရင်းကို ရွှေ့ပြောင်းနေထိုင်တာတွေ ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတစ်ဦးက "အဓိက တာကျိုးပေါက်မှာကို စိတ်ပူနေရတာ၊ ခုတော့ တချို့နေအိမ်တွေဆို ဖျက်တာတွေ လုပ်နေပြီ၊ ဒါပေမဲ့ ဘယ်ကိုပြောင်းရမယ်ဆိုတာ မသိသေးဘူး၊ တာဝန်ရှိသူတွေကလည်းခုချိန်ထိတော့ စီစဉ်ပေးတာ မရှိသေးဘူး၊ ဒီနေ့မနက်ပိုင်းတော့ လာကြည့်တာတွေတော့ ရှိပါတယ်"လို့ ပြောပါတယ်။
သြဂုတ် ၄ ရက် မနက်ကတော့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ပေမဲ့ ဒေသခံပြည်တွေအတွက် နေရာပြောင်းရွှေ့ဖို့ စီစဉ်ပေးတာတွေ မရှိသေးသလို တာကျိုးကျမယ့် အနေအထားကို ကာကွယ်ဖို့ ပြုလုပ်တာတွေလည်း မရှိသေးပါဘူး။
လက်ရှိအချိန် ရေကာတာ အနေထားဟာ ရွာနဲ့ မြစ်နဲ့ကြား ပေ ၉၀ လောက်သာ အကွာအဝေး ကျန်ရှိတော့တာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တာမကျိုးပေါက်အောက် ကြိုတင် ကာကွယ်ဆောင်ရွက်ပေးဖို့ ဒေသခံအများစုက မျှော်လင့်နေကြတာပါ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာမှာလည်း သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက တာကျိုးပေါက်ခဲ့ပြီး လူနေအိမ် ၆၀ နီးပါး အမြန်ပြောင်းရွေ့ခဲ့ရပါတယ်။