ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီက ကျေးရွာ ၈၈ ရွာကို နေ့ရောညပါ ကင်းစောင့်ခိုင်းပြီး ငွေတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၈၈ ရွာကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ နေ့ရော ညပါကင်းစောင့်ခိုင်းပြီး မစောင့်နိုင်တဲ့သူတွေကို ကျပ် ၁၀,၀၀၀ ကောက်ခံနေတာလို့ ဆိုပါတယ်။
“ကင်းက နေ့ရော ညပါ အလှည့်ကျ စောင့်နေရတာ၊ မြို့မှာတော့မစောင့်ရဘူး၊ ရွာတွေဘက်ပဲ စောင့်ရတာ။ မစောင့်နိုင်ပြန်ရင်လည်း ၁ သောင်းပေးရတယ်” လို့ မအူပင်မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရန်ကုန်တိုင်းနဲ့ထိစပ်နေတဲ့ မအူပင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ လုံခြုံရေးအကြောင်းပြ ကင်းစောင့်ခိုင်းပြီး ငွေတောင်းခံနေသလို ရန်ကုန်တိုင်းအတွင်း တွံတေးမြို့နယ်က ကျေးရွာတွေမှာလည်း ကင်းစောင့်ခိုင်းနေတယ်လို့ ဆိုပါတယ်။
မအူပင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီသတင်းပေးတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကလည်း ကင်းစောင့်တဲ့နေရာတွေကို လိုက်စစ်ဆေးပြီး ဆဲဆိုတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။