ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေကို စစ်မှုထမ်းခိုင်းဖို့တွက် ပေါ်တာဆွဲမခံရဖို့အကြောင်းပြကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ကျေးရွာတအုပ်စုကို ငွေကျပ် ၆၅ သိန်း အဓမ္မတောင်းခံနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်က မင်းလှမြို့နယ်၊ ကံသာယာကျေးရွာမှာနေထိုင်တဲ့ ကံသာယာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်အောင်က သူ့ရဲ့နေအိမ်မှာ ကံသာယာတောင်စုကျေးရွာ၊ ကံသာယာကြီးကျေးရွာ၊ ကံသာယာအနောက်စုနဲ့ ခွက်မကျေးရွာသားတွေကို အစည်းအဝေးခေါ်ပြီး ငွေကြေးကောက်ခံမယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပြီး ဒေသခံရွာသားတွေကတော့ မပေးနိုင်ကြဘူးလို့ ပြောပါတယ်။
ဒေသခံရွာသားတဦးက “ကျနော်တို့အုပ်စုမှာရှိတဲ့ ရွာခံတွေကို အုပ်ချုပ်ရေးမှူးက အစည်းဝေးခေါ်ပြီး ပေါ်တာအဆွဲ မခံချင်ရင် ကျေးရွာတအုပ်စုကို ကျပ် ၆၅ သိန်း အထက်ကတောင်းတယ်လို့ ပြောတယ်။ ဒီလောက်စီးပွားရေးတွေ ကျပ်တည်းနေတဲ့အချိန်ကြီး ဘယ်ပေးနိုင်ကြမလဲ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းလှမြို့နယ်အတွင်းက ဒေသခံပြည်သူတွေကို ပေါ်တာဆွဲပြီး အဓမ္မစစ်သားစုဆောင်းတာတွေကို ဆက်တိုက်ပြုလုပ်နေပြီး ပေါ်တာဆွဲခံရသူတွေကို ငွေနဲ့ ပြန်လည်ရွေးယူခဲ့ရတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
မင်းလှမြို့ခံတယောက်က “စစ်သားတွေက ကားတွေနဲ့ ညပိုင်းတွေဆိုရင် ပေါ်တာဆွဲတယ်။ ပေါ်တာဆွဲတာထက် ပြန်ပေးဆွဲတယ်လို့ပြောရမှာ။ သူတို့တွေပေါ်တာဆွဲလွန်းလို့ ညနေ ၆ နာရီ ၇ နာရီဆိုရင် လမ်းပေါ်မှာ လူမရှိတော့ဘူး။ ညဥ့်နက်ပိုင်းတွေဆိုရင် ရပ်ကွက်တွေ၊ ရွာတွေက အိမ်တွေထဲအထိ၀င်ဆွဲတာ။ လူငယ်ပိုင်းတွေအဆွဲခံရတာများတယ်။ စစ်တပ်က ပေါ်တာဆွဲတာပါသွားလို့ ပြန်ထုတ်ချင်ရင် ကျပ် သိန်း ၇၀ ကနေ သိန်း ၁၀၀ ကြား ပေးပြီး ပြန်ထုတ်ရတယ်” လို့ ပြောပါတယ်။
မင်းလှမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေမှာနေထိုင်ကြတဲ့ လူငယ်တွေဟာ နေ့ပိုင်းမှာသာ နေအိမ်တွေနဲ့ လုပ်ငန်းခွင်တွေမှာရှိကြပြီး ညပိုင်းတွေမှာ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲပြီး စစ်သားစုဆောင်းခံရမှာစိုးရိမ်တဲ့အတွက် တိမ်းရှောင်နေကြရပါတယ်။
မင်းလှမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး အခုအချိန်အထိ ဒေသခံပြည်သူ ၇၀ ထက်မနည်း စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မပေါ်တာဆွဲခံခဲ့ရပြီး ဖမ်းဆီးခံရသူတချို့ကို ငွေပေးပြီး ပြန်လည်ရွေးယူခဲ့ရတယ်လို့လည်း မင်းလှမြို့ခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နိုင်ငံအနှံ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာပြီး အသေအပျောက် များပြားနေတဲ့အတွက် သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့ ဒေသခံလူငယ်တွေကို အဓမ္မပေါ်တာဆွဲကာ နည်းမျိုးစုံနဲ့ စစ်သားသစ်စုဆောင်းနေတာလည်း ဖြစ်ပါတယ်။