နေပြည်တော်သင်္ကြန်အတွက် လုံခြုံရေးယူထားရတဲ့ အမှတ် ၁၇ လုံခြုံရေးရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဧပြီ ၁၅ ရက်ညက စကားများပြီး ပစ်ခတ်မှုဖြစ်ရာမှ ရဲ ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"ရဲတပ်သားက အရက်သောက်လာတော့ ကင်းမှူးကဆူတယ်၊ အဲဒီမှာ တယောက်တခွန်း စကားများပြီး ရဲတပ်သားက သေနတ်နဲ့ယူပစ်တာ ရဲတပ်ကြပ်ကြီးသေတယ်၊ ရဲတပ်သားတယောက်သေတယ်၊ ပစ်တဲ့ရဲလည်း သေသွားတယ်။"
အဆိုပါပစ်ခတ်မှုဖြစ်စဥ်မှာ ရဲတပ်ကြပ်ကြီးမျိုးနိုင်ဦး၊ ရဲတပ်သားအေးဝင်းနဲ့ ရဲတပ်သား ပိုင်စိုးဦးတို့ သေဆုံးပြီး အမှတ် ၁၇ လုံခြုံရေး ရဲတပ်ဖွဲ့ခေါင်းဆောင်ကို ပြည်ထဲရေးက စစ်ဆေးနေတယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က သေဆုံးသူရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇေယျာသီရီမြို့နယ်ရှိ အမှတ် ၂ ခုတင်တထောင်စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။