Home
မြန်မာသတင်း
ရေတာရှည်တိုက်ပွဲတွင် စစ်သား ၂၀ နှင့် PDF ၂ ဦး ကျဆုံး၊ ကသာနှင့် ထီးချိုင့်ကို စစ်တပ်က Mi35 ဖြင့် ပစ်ခတ်
DVB
·
April 18, 2024
KaTha AirStrike_18042024
YayTarShayPDF_18092024

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်က၊ ခင်တန်းကြီးကျေးရွာအနီးမှာ ဧပြီ ၁၇ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ သေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးသွားခဲ့ရတယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာန၊ တပ်ရင်း ၉၀၁ ဆီက သိရပါတယ်။

တပ်ရင်း ၉၀၁ ရဲ့ တာ၀န်ရှိသူတဦးက “တိုက်ပွဲက မနေ့က (ဧပြီ ၁၇) နေ့လယ်  ၁၂ လောက်မှာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းကနေ ခင်တန်းကြီးရွာဘက်ကိုကူးလာတဲ့ အင်အား ၈၀ လောက်ရှိတဲ့ စကစစစ်ကြောင်းကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်တာ၊ စစ် ‌ေ- ၂၀ လောက် သေတယ်။ သေနတ် ၂ လက် ရတယ်ဗျာ။ ကျနော်တို့အဖွဲ့ဘက်က ရဲဘော် ၂ ဦးကတော့ နိုင်ငံနဲ့ ပြည်သူလူထုအတွက် အသက်ပေးလှူလိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော် ၂ ဦးဟာ နေပြည်တော်တိုင်းစစ်ဌာန၊ ၉၀၁ တပ်ရင်း၊ တပ်ခွဲ ၃ က တပ်ခွဲမှူး ရဲဘော် ဇိုးလေး နဲ့ (စနိုက်ပါ) ရဲဘော် ဥက္ကာစိုး (ခေါ်) သရဲတို့ဖြစ်ပြီး ဆွာမြို့စစ်ကောင်စီတပ်က စစ်ကူပေးပြီး ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကျဆုံးရတာလို့ ဆိုပါတယ်။

“နိုင်ငံနဲ့ ပြည်သူလူထုအတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တွေကို ဦးညွှတ်ဂုဏ်ပြုပါတယ်။ စစ်အာဏာရူးတွေကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တွန်းလှန် တိုက်ပွဲ၀င်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးအနေနဲ့နဲ့ ကျနော်တို့နဲ့ ပူးပေါင်းပါ၀င်ကြပါလို့ ပြောပါရစေ” လို့ တိုက်ပွဲအတွင်းမှာ ပါ၀င်ခဲ့တဲ့ ရဲဘော်တဦးက ပြောဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ၉၀၁ တပ်ရင်း၊ တပ်ရင်း ၈၀၄၊  တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ တို့နဲ့အတူ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ (နေပြည်တော်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် နဲ့ ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာတွေကို ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီက Mi35 ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့နယ်၊ အင်းရာအုပ်စု ညောင်ပင်ကွင်းရွာကို ဧပြီ ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်က ရဟတ်ယာဉ်နဲ့ လာပစ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်တာက ပွိုင့် ၅ နဲ့ရော၊ Rocket နဲ့ ရော ပစ်တာ။ ပစ်တဲ့ အလုံးအရေအတွက်ကတော့ များတယ်။ ဘာလို့ အခုလို ပစ်တာလဲ ဆိုတာကတော့ ရွာအတွင်းမှာ ရေကစားနေတဲ့ မဏ္ဍပ်တော့ ရှိတယ်၊ ကျန်တဲ့ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ စစ်ကြောင်းထိုးတာလည်း မရှိဘူးဗျ။ သူတို့ လေယာဉ်ပေါ်ကနေ ပစ်လို့ လူ ၂ ဦး ထိခိုက်တယ်။ အမျိုးသမီးက တင်ပါး ကျည်စထိမှန်တယ်၊ ဆေးရုံတက်ပြီး ခွဲထုတ်ရတယ်။ အမျိုးသားကတော့ အသေးစား ထိခိုက်တာလေးပါ မစိုးရိမ်ရဘူး။ သူတို့ လေယာဉ်နဲ့ပစ်လို့ ဆန်စက်က စပါးခွံပုံမှာ ပေါက်ကွဲပြီး မီးစွဲကာ ရွာထဲက အိမ် ၃ လုံး၊ ဘောဂဝတီဆန်စက်၊ ဆိုင်ကယ် ၃ စီး၊ ကား ၁ စီး မီးလောင်ဆုံးရှုံးတယ်။” 

အင်းရားအုပ်စု၊ ညောင်ပင်ကွင်းရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း အခုလို လေယာဉ်နဲ့ လာပစ်ခတ်တာတွေရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ ဧပြီ ၁၆ ရက် ည ၇ နာရီ ၁၅ မိနစ်ကလည်း စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ တောမရွာအနီး ကျူတောင် ပြည်သူ့ကာကွယ်ရေး စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“PDF စစ်ဆေးရေးဂိတ်ကို လာပစ်တာ ဖြစ်နိုင်တယ်။ ဂိတ်ကလည်း သိမ်းတဲ့အချိန်ရောက်လို့ အထိအခိုက်တော့ မရှိခဲ့ဘူး။ ပစ်တာက ၂ ဆင့်ကွဲနဲ့ ပစ်တာဗျ။ မြေကြီးတွေကိုပါ တုန်ခါသွားတယ်။”

ထီးချိုင့်မြို့မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ AA၊ PDF၊ ABSDF တို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ဒီနေ့အချိန်အထိ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013