မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်မှုထမ်းဖို့ စာရင်းကောက်နေတဲ့ နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဧပြီ ၁၈ ရက်နေ့ မနက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ် နတ်ကြီးရွာအုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းကို ဧပြီ ၁၈ ရက်နေ့ မနက် ၆ နာရီကျော်က ရွာအတွင်း လက်ဖက်ရည်ဆိုင်မှာ လူ ၂ ယောက်က သေနတ်နဲ့ ၇ ချက် ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
အသက် ၅၀ ကျော်အရွယ် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်ငြိမ်းဟာ ကျေးရွာအတွင်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖိအားပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက စစ်မှုထမ်းဖို့အတွက် အားကြိုးမာန်တက် စာရင်းကောက်နေတာ။ မနက် ပစ်သတ်ခံရတဲ့ အချိန်မှာလည်း စစ်မှုထမ်းကိစ္စနဲ့ စကားပြောနေရင်း အသတ်ခံရတာ။ နတ်ကြီးက ကေအန်ယူပိုင်နက်မှာ ရှိတယ်လို့တောင် ပြောလို့ရတယ်။ အဲဒါကို မကြောက်မလန့် လုပ်ရဲတာ။ ပစ်သွားတာက PDF တွေ ပစ်သွားတယ်လို့ ကြားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက နတ်ကြီးကျေးရွာအတွင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးတင်ငြိမ်း ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးအကူကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။