အိန္ဒိယနိုင်ငံ၊ ဥတ္တရာခန်းပြည်နယ်၊ ဥတ္တာခါရှီးမြို့နားက ဟိမဝန္တာတောင်တန်းမှာ ပြိုကျနေတဲ့ လိုဏ်ခေါင်းအတွင်း ပိတ်မိနေတဲ့ ဆောက်လုပ်ရေးလုပ်သား ၄၁ ဦးကို အိန္ဒိယ ကယ်ဆယ်ရေးသမားတွေက ၁၇ ရက်ကြာ ကြိုးစားအပြီး အားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တချို့ကနေလာတဲ့ လုပ်ခနည်း အလုပ်သမားတွေကို ကယ်ဆယ်သူတွေဟာ နိုဝင်ဘာ ၁၂ ရက်က ပြိုကျခဲ့တဲ့ အဝေးပြေးကားလမ်းပါတဲ့ ဥမင်လိုဏ်ခေါင်းအတွင်း အပျက်အစီးတွေကို ဖယ်ထုတ်ပြီးတဲ့နောက် ၃ ပေကျယ်တဲ့ ပိုက်လုံးတခုကို အလုပ်သမားတွေရှိရာဆီ ရောက်အောင် ထည့်သွင်းခဲ့တာပါ။
အဲဒီနောက် ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ဘီးတပ်ထမ်းစင်နဲ့ တယောက်ပြီးတယောက် ကယ်ထုတ်ခဲ့ပါတယ်။
သူတို့ကို ပြည်နယ်ဝန်ကြီးချုပ် ပွတ်ရှ်ခါဆင်း ဒါမီနဲ့ အဝေးပြေးလမ်းမများဆိုင်ရာ ပြည်ထောင်စုဒုဝန်ကြီး ဗီကေ ဆင်းဂ်တို့က အိန္ဒိယရိုးရာ ထပ်တရာပန်းတွေနဲ့ ကြိုဆိုခဲ့ပါတယ်။
ကယ်ဆယ်ခံလုပ်သားတွေကို ဥမင်ကနေ ကီလိုမီတာ ၃၀ အကွာက ဆေးရုံဆီပို့ဖို့ လူနာတင်ယာဉ်တွေလည်း ဥမင်ပေါက်ဝမှာ တန်းစီစောင့်ဆိုင်းနေခဲ့တာပါ။
ဥမင်လိုဏ်ခေါင်းအပြင်ဘက်မှာ စောင့်နေသူတွေက မီးရှူးမီးပန်းတွေ ပစ်လွှတ်ရင်း ချိုချဉ်တွေဝေငှရင်း မိခင် အိန္ဒိယနိုင်ငံကို ဂုဏ်ပြုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
Source/Photo-Reuters