အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် အိန္ဒိယရူပီးငွေနဲ့ မြန်မာကျပ်ငွေကို အသုံးပြုဖို့ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတဲ့အကြောင်း India Times သတင်းမှာ ဖော်ပြပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးစီးပွားရေး ဝန်ကြီးများအစည်းအဝေး ပြင်ပမှာ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ပီရုရှ် ဂိုရယ်လ်နဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်တို့ တွေ့ဆုံချိန်မှာ အခုလို ဆွေးနွေးခဲ့ တာလို့ ဆိုပါတယ်။
အိန္ဒိယ ဝန်ကြီးက "ပဲအမျိုးမျိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်ကားတွေ အစရှိတဲ့ နယ်ပယ် တွေမှာ အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပြီး ရူပီး-ကျပ်ငွေ ယန္တရားကနေတဆင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုမြှင့်တင်ရေး နည်းလမ်းတွေကို ဆွေးနွေး ခဲ့ပါတယ်" လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယဟာ ယူအေအီး၊ အာဖရိကနိုင်ငံတွေနဲ့ ရုရှားအပါအဝင် တခြားနိုင်ငံတွေနဲ့ ပြည်တွင်းငွေကြေးတွေ အသုံးပြုပြီး ကုန်သွယ်မှုမြှင့်တင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည် တွင်းငွေကြေး ရောင်းဝယ်မှုက ငွေကြေးလဲလှယ်ဖို့ လိုအပ်ချက်ကို ဖယ်ရှားခြင်းအားဖြင့် အရောင်းအ၀ယ်ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လက စတင်ကာ အိန္ဒိယနိုင်ငံက အိန္ဒိယရူပီးငွေကြေးနဲ့ နိုင်ငံတကာ ကုန်သွယ်မှု အရောင်းအဝယ်တွေကို ဖြေရှင်းဖို့ စနစ်တစ်ခုကို မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးအလွန် စီးပွားရေးကျဆင်းမှုဒဏ်ခံစားရတာတွေအပါအဝင် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြားငွေပြတ်လပ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ အာဖရိကနဲ့ တောင်အာရှဒေသတွင်း နိုင်ငံတွေကို ကူညီပေးဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု သုတေသန ဦးဆောင်အဖွဲ့ (GTRI)က ပြောပါတယ်။
မြန်မာနိုင်ငံကိုတော့ အိန္ဒိယရဲ့ ပို့ကုန်ပမာဏဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိရာကနေ အခု ၂၀၂၃-၂၄ ခုနှစ်ထဲမှာတော့ အမေရိကန်ဒေါ်လာ ၆၇၀ ဒသမ ၄ သန်း ထိ ကျဆင်းသွားခဲ့ပေမဲ့ သွင်းကုန်ပမာဏကတော့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၉၅၄ ဒသမ ၇၄ သန်းကနေ ၁ ဒသမ ၀၇ ဘီလီယံအထိ တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။
Source: India Times