အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တရာခန်ပြည်နယ်မှာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ဓာတ်လိုက်မှုလို့ သံသယဖြစ်ဖွယ်ကိစ္စနဲ့ လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဟိမဝန္တာပြည်နယ် ချာမိုလီခရိုင်ရှိ မိလ္လာသန့်စင်စက်ရုံတခုအတွင်းမှာ လက်ရန်းတွေကတဆင့် လျှပ်စစ်စီးကြောင်း ဖြတ်သန်းစီးဆင်းသွားတယ်လို့ သံသယရှိခဲ့ကြောင်း ဥတ္တရာခန် ရဲတပ်ဖွဲ့ရဲ့ အားဖြည့် ညွှန်ကြားရေးမှူးချုပ် ဗွီ မူရူဂီဆန်က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ရဲအရာရှိတဦးနဲ့ နေအိမ်အစောင့်တပ်ဖွဲ့ဝင် ၃ ဦး ပါဝင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အစောင့်တွေကတော့ ရဲအရာရှိကို ကယ်ဆယ်ဖို့ ကြိုးပမ်းချိန်မှာ ကွယ်လွန်သွားတာလို့ သံသယရှိကြောင်း သူကဆိုပါတယ်။
ဖက်ဒရယ်အစိုးရဟာ ဂင်္ဂါမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိက အာရုံစိုက် လုပ်ဆောင်တဲ့အနေနဲ့ အခုမတော်တဆမှုဖြစ်ပွားတဲ့ စက်ရုံကို တည်ထောင်ခဲ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Source - Reuters