Home
နိုင်ငံတကာ
စပိန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့်လှေနစ်မြုပ်ပြီး ၉ ဦးသေဆုံး
DVB
·
September 30, 2024
Photo-Reuters

စပိန်နိုင်ငံ၊ အယ်လ် ယဲရိုကျွန်းနားမှာ လှေနစ်မြုပ်ပြီးတဲ့နောက် ပျောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၈ ယောက်ကို ကင်းလှည့် လှေတွေနဲ့ ရဟတ်ယာဉ်တွေက စက်တင်ဘာ ၂၉ ရက်မှာ ရှာခဲ့ပါတယ်။

စနေနေ့ မနက်အစောပိုင်းမှာ သူတို့ရဲ့စက်လှေ နစ်မြုပ်ပြီးတဲ့နောက် အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြား ကလေးငယ်တယောက် အပါအဝင် လူ ၉ ယောက် သေဆုံးကြောင်း အတည်ပြုခဲ့တယ်လို့ NGO Walking Borders၊ အရေးပေါ်နဲ့ ကယ်ဆယ်ရေးဌာနတို့က ပြောပါတယ်။

စနေနေ့က စပိန်ကမ်းရိုးတန်းကို ရောက်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၄ ယောက်ထဲက ၂၇ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ နောက်တကျော့ ထပ်ရှာရာမှာတော့ ကင်းလှည့်သင်္ဘော ၃ စင်းနဲ့ ရဟတ်ယာဉ် ၃ စင်းတို့ ပါတယ်လို့ စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ မာလီ၊ မောရီတေးနီးယားနဲ့ ဆီနီဂေါနိုင်ငံတို့က ဖြစ်တယ်လို့ စပိန်အာဏာပိုင်တွေက ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ထပ်ရှာတွေ့ဖို့ မျှော်လင့်ချက် နည်းလာလို့ ရဲတပ်ဖွဲ့က အယ်လ်ယဲရိုကျွန်းပေါ်မှာ ရေခဲတိုက်တခု တပ်ဆင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၂၀၈ ယောက်ကို တင်ဆောင်ခဲ့တဲ့ တခြားလှေ ၃ စင်းလည်း ညဘက်မှာ ကာနာရီကျွန်းတွေဆီ ရောက်လာခဲ့ပါတယ်။

နွေရာသီနှောင်းပိုင်းမှာ အတ္တလန္တိတ် သမုဒ္ဒရာရဲ့ အနောက်အာဖရိက ကမ်းလွန်ပင်လယ်ပြင်မှာ လေငြိမ်နေလို့ ပင်လယ်ရေပြင်လည်း ငြိမ်သက်နေတဲ့အတွက် ပင်လယ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးလာတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အခုလအတွင်း ပြောခဲ့ပါတယ်။

အာဖရိကကနေ စပိန်ကျွန်းစုတွေဆီလာတဲ့ လမ်းကြောင်းကို အခုနှစ်အတွင်း သုံးတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၅၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပထမ ၇ လအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၁,၆၂၀ ယောက်က ဒီဒေသကို ဖြတ်ကျော်ခဲ့တယ်လို့ ဥရောပသမဂ္ဂရဲ့ နယ်စပ်အေဂျင်စီ Frontex ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

၂၀၀၉ ခုနှစ်မှာ ပင်လယ်ဖြတ်ကူးရင်း လန်ဇာရိုတေကျွန်းနားက ကမ်းလွန်ပင်လယ်ပြင်မှာ လှေနစ်လို့ လူ ၂၅ ယောက် သေဆုံးခဲ့မှုဟာ နှစ် ၃၀ အတွင်း ဒီနေ့အထိ ပင်လယ်ဖြတ်ကူးပြီး ကျွန်းတွေဆီ ရွှေ့ပြောင်းဝင်ရောက်လာရင်း အသေအပျောက်အများဆုံးဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013