နယူးဇီလန်နိုင်ငံမှာ လူပေါင်း ၆၅၃၁ ယောက် စုဝေးပြီး မောင်ရီဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာအက ဟာကာကို စုပေါင်းကခုန် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါတယ်။
နယူးဇီလန်ရဲ့ ရိုးရာ အကဖြစ်ပေမဲ့ ပြင်သစ်နိုင်ငံမှာ ၂၀၁၄ ခုနှစ်တုန်းက လူ ၄၀၂၈ ယောက် စုဝေးကခုန်ပြီး စံချိန်တင်ထားတဲ့အတွက် စံချိန်ပြန်လုယူခဲ့ရတာဖြစ်ပါတယ်။
ဟာကာ အကဟာ မောင်ရီလူမျိုးတို့ရဲ့ ရိုးရာဖြစ်တဲ့အတွက် မူလဒေသကို စံချိန်ပြန်ယူပြီး စနစ်မှန်မှန်ကခုန်စေရေး သေချာအောင်လုပ်ခဲ့တာလို့ ဟာကာ အက သံတမန် ဟီနာဝေဟီ မိုဟီက ပြောပါတယ်။
ဟာကာ အကဟာ ဧည့်သည်တိုင်းရင်းသားတွေကို ကြိုဆိုဖို့ ဒါမှမဟုတ် တိုက်ပွဲမစခင်မှာ တိုက်ပွဲဝင်စစ်သည်တွေတက်ကြွဖို့ ကပြရတဲ့ ရိုးရာနည်းလမ်းတခုဖြစ်ပါတယ်။
အခုခေတ်မှာတော့ အရေးပါတဲ့ အခမ်းအနားတွေမှာ ကပြလေ့ရှိပါတယ်။ ဒါပေမဲ့ နယူးဇီလန်ရက်ဂ်ဘီ လက်ရွေးစင်အသင်းက ပြိုင်ပွဲမစခင်မှာ ဟာကာ အက ကပြပြီး ပြိုင်ဘက်ကို ခြောက်ခြားအောင် လုပ်နိုင်တယ်လို့ နာမည်ကြီးပါတယ်။
ဟာကာ အကပုံစံမျိုးစုံရှိပေမဲ့ လက်ရှိကမ္ဘာ့စံချိန်တင်တာကတော့ အထင်ရှားဆုံးနဲ့ ၁၉၂၀ တုန်းက မျိုးနွယ်စုခေါင်းဆောင်တယောက် ဖန်တီးခဲ့တဲ့ အကပုံစံဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံလူဦးရေ ၅ ဒသမ ၂ သန်းရှိရာမှာ တသန်းနီးပါးက မောင်ရီ (Maori) ဌာနေတိုင်းရင်းသား အနွယ်ဝင်တွေ ဖြစ်ပါတယ်။
Source: Reuters