Home
နိုင်ငံတကာ
နယူးဇီလန် မာအိုရီမျိုးနွယ်စု ဘုရင်ကြီး နတ်ရွာစံ၊ ဘုရင်မသစ် တင်မြှောက်
DVB
·
September 5, 2024
Photo - Reuters

နယူးဇီလန်နိုင်ငံမှာ ဌာနေတိုင်းရင်းသား မာအိုရီတွေရဲ့ ဘုရင်ကြီး နတ်ရွာစံသွားခဲ့အပြီးမှာ အငယ်ဆုံးသမီးဖြစ်သူကို ၈ ဆက်မြောက်နန်းဆက် ဘုရင်မအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။

အသက် ၂၇ နှစ်အရွယ် ငါဝေ ဟိုနို အီတေပိုကို ကွေးနီ လို့ခေါ်တဲ့ ဘုရင်သစ်အဖြစ် နယူးဇီလန် မာအိုရီလူမျိုးစု အကြီးအကဲတွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ မာအိုရီသမိုင်းမှာ အဘွားဖြစ်သူ နောက်ပိုင်း ဒုတိယမြောက် ဘုရင်မ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ခမည်းတော်ဘုရင်ကြီး သတ္တမမြောက်  တူဟေတီယာ ပိုတာတူအာ တေ ဝှဲရိုးဝှဲရိုး နတ်ရွာစံခဲ့အပြီးမှာ ဘုရင်သစ်ရွေးရတာ ဖြစ်ပါတယ်။ ဘုရင်ကြီး တူဟေတီယာရဲ့ ဈာပနအပြီးမှ ဘုရင်သစ်ကို ဘိသိက်မြှောက်မှာ ဖြစ်ပါတယ်။

ခမည်းတော်ရဲ့ ခေါင်းတလားရှေ့မှာထိုင်ပြီး ပန်းခက်ကို ပန်ကာ ဝတ်ရုံခြုံလွှမ်းထားတဲ့ ဘုရင်မသစ်ဟာ ဆုတောင်းမှုကို ဦးဆောင်ခဲ့ပါတယ်။

စစ်ပွဲဝင် ကနူးလှေတွေဟာ ၆ ရက်ကြာထားရှိတဲ့ ဘုရင်ကြီး ရုပ်အလောင်းကို သယ်ဆောင်ပြီး မာအိုရီလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ တော်ပီရီတောင်မှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။

ဘုရင်ကြီးဟာ နှလုံးခွဲစိတ်ပြီး ဆေးရုံမှာ အနားယူနေချိန် နတ်ရွာစံတာ ဖြစ်ပါတယ်။ မာအိုရီနန်းဆက်ဟာ ၁၈၅၈ ခုနှစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

ထူးခြားချက်က နယူးဇီလန်ရဲ့ ဗြိတိန်ကိုလိုနီနယ်ချဲ့တွေဆီ နယ်မြေတွေ ဆုံးရှုံးရမှုနဲ့ မာအိုရီယဉ်ကျေးမှု ပျောက်ဆုံးတာကို ကာကွယ်ဖို့ လူမျိုးစုခေါင်းဆောင်တွေ တကွဲတပြား ဖြစ်နေရာကနေ ဥရောပပုံစံ ဘုရင်နန်းဆက်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

မာအိုရီဘုရင် ဒါမှမဟုတ် ဘုရင်မဟာ အီဝီလို့ခေါ်တဲ့ မာအိုရီမျိုးနွယ်အားလုံးရဲ့ အထွတ်အထိပ် ဘုရင်ဖြစ်ပေမဲ့ နယူးဇီလန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ မရှိတဲ့ ဂုဏ်ပြုခံရာထူးသာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024