အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ ပါပူဝါဒေသရဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ လေယာဉ်ဆင်းသက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံက ရဟတ်ယာဉ်မှူးတဦးကို ခွဲထွက်ရေးသူပုန်တွေက သြဂုတ် ၅ ရက်မှာ သတ်ဖြတ်ခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ရဟတ်ယာဉ်ပေါ်ရှိ တခြားသူ ၄ ဦးကတော့ ဘေးကင်းတယ်လို့ ဆိုပါတယ်။
KKB လို့ လူသိများတဲ့ လက်နက်ကိုင်သူပုန်တွေဟာ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကို ဝိုင်းရံလိုက်ပြီးနောက်မှာ ချက်ချင်းပဲ PT အင်တန် အန်င်ကာဆာ လေကြောင်းဝန်ဆောင်မှုအဖွဲ့က လေယာဉ်မှူး ဂလန်း မယ်လ်ကွန် ကွန်းနင်းကို သတ်ဖြတ်လိုက်တာဖြစ်ကြောင်း မျက်မြင်သက်သေတဦးကို ကိုးကားပြီး ပါပူဝါမှ အင်ဒိုနီးရှားရဲ-စစ်တပ် ပူးပေါင်းစစ်ဆင်ရေးအတွက် ပြောရေးဆိုခွင့်ရှိသူ ဘာယူ ဆူဆီနိုက ပြောပါတယ်။
သြဂုတ် ၅ ရက် မနက် ၁၀ နာရီလောက်မှာ အာလမာခရိုင်၊ တိမိကာဒေသမှာ PT အင်တန် အန်င်ကာဆာ လေကြောင်းပိုင်အဖွဲ့ရဲ့ ရဟတ်ယာဉ်မှူး ဓားစာခံအခြေအနေ ရှိခဲ့ပြီးနောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ခရီးသည်တွေဟာ ဆေးမှူးတွေဖြစ်ကြောင်း သိရပါတယ်။
ရဟတ်ယာဉ်ဟာ ဆင်းသက်ရမယ့်နေရာကို ရောက်လာချိန်မှာ လက်နက်ကိုင် ပါပူဝါ လွတ်မြောက်ရေးတပ်ဖွဲ့ (KKB) က ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို ရဟတ်ယာဉ်ပေါ်ကနေ ဆင်းသက်စေပြီး အဲဒီအနီးအနားက ကွင်းပြင်တခုမှာ စုဝေးစေပြီးတော့ ပိုင်းလော့ကို သတ်ဖြတ်လိုက်ကာ သူ့အလောင်းကိုလည်း ရဟတ်ယာဉ်ပေါ် ပြန်တင်ပေးပြီး အဲဒီမှာပဲ မီးရှို့ပစ်လိုက်တာလို့လည်း ဆိုပါတယ်။
အနောက်ပါပူဝါ အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TPNPB) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ KKB သူပုန်တွေရဲ့ သတ်ဖြတ်ရတဲ့ရည်ရွယ်ချက်ကို ချက်ချင်း မရှင်းလင်းသေးပါဘူး။
သူ့ထက်အရင် လေယာဉ်မှူး ဖိလစ် မဲရ်တန်းစ်ကို TPNPB က ဖမ်းဆီးပြန်ပေးဆွဲခဲ့ပြီးနောက် ၁၈ လနီးပါးကြာမှာ ဒီဖြစ်ရပ် ထပ်ကြုံရတာပါ။
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နောက်ဆုံးရ အစီရင်ခံစာကို သိရှိကြောင်းနဲ့ ဂျကာတာရှိ သံရုံးဟာ အာဏာပိုင်တွေဆီက အချက်အလက်တွေကို ရအောင်လုပ်ဆောင်နေကြောင်း ပြောကြားပြီး နောက်ထပ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
Source-Reuters