နယူးဇီလန်နိုင်ငံက လေယာဉ်မှူး ဖိလစ် မြာတန်စ်ဟာ အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်မှာ လက်နက်ကိုင် ခွဲထွက်ရေးသမားတွေက ပြန်ပေးဆွဲတာခံရပြီးတဲ့နောက် ၁၉ လကျော် အကြာမှာ လွတ်မြောက်လာခဲ့ပါတယ်။
မြာတန်စ်က သူ့မိသားစုဆီ ဖုန်းပြောရင်း မျက်ရည်လည်ရွဲဖြစ်နေပုံကို အင်ဒိုနီးရှားအခြေစိုက် Metro TV မှာ ပြသခဲ့ပါတယ်။
မြာတန်စ်ဟာ ကိုယ်အလေးချိန် အများကြီး လျော့ကျသွားပေမဲ့ စိတ်ဒဏ်ရာရပြီး စိတ်ဖိစီးမှု ခံစားရပုံ မပေါ်ဘူးလို့ အင်ဒိုနီးရှားစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ဘန်ဘန် ထရစ်နိုဟာဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အေဂီယာနို့စ် ကိုဂို့ယန် ဦးဆောင်တဲ့ အနောက် ပါပူအာ အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TPNPB) ရဲ့ အဖွဲ့ခွဲတခုက ဝေးလံပြီး တောင်ထူထပ်တဲ့ အန်ဒူဂါမှာ ကူးသန်းရောင်းဝယ်ရေး လေယာဉ်ငယ်တစီးနဲ့ ဆင်းသက်လာတ့ မြာတန်စ်ကို မနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ပြန်ပေးဆွဲခဲ့ပါတယ်။
TPNPB အဖွဲ့ဟာ အင်ဒိုနီးရှားမှာ ဒေသတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ပါပူအာ လွတ်မြောက်ရေးလှုပ်ရှားမှု (OPM) ရဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
အင်ဒိုနီးရှားအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီအဖွဲ့ဟာ စစ်ဘက်ဆိုင်ရာဝန်ထမ်းလို့ အထင်မှားခံရတဲ့ အင်ဒိုနီးရှား ဆောက်လုပ်ရေးလုပ်သား ၂၄ ယောက်ထက်မနည်း သတ်ဖြတ်ခံရမှုတို့လို ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ရှိနေခဲ့ပါတယ်။
လွတ်လပ်ရေးတိုက်ပွဲဟာ အဆင့်နိမ့်ပေမဲ့ ပိုအသေအပျောက်များပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ပါပူဝါအနောက်ခြမ်းမှာ အရှိန်အဟုန်ပြင်းပြင်း တိုက်ပွဲဖြစ်နေပါတယ်။
လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေက ပိုမိုခေတ်မီဆန်းပြားတဲ့ လက်နက်တွေ ဝယ်လာတာနဲ့အမျှ သေကျေပျက်စီးတာတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။
Source: Reuters