Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသားဦးရေ ၁၀၇ ဦးအထိရှိလာ
DVB
·
September 15, 2024
Photo - TEMPO

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဘက်မှာ အင်ဒိုနီးရှားနိုင်ငံသား ၁၀၇ ယောက်အထိ လူကုန်ကူးခံခဲ့ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး TEMPO အင်ဒိုနီးရှားသတင်းမှာ ဖော်ပြပါတယ်။

အဲဒီထဲက နိုင်ငံသား ၄၄ ယောက်ဟာ အောင်မြင်စွာနဲ့ နေရပ်ကို ပြန်လာနိုင်ခဲ့ပြီ ဖြစ်ပေမမဲ့ ကျန် ၆၃ ယောက်ကတော့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဆက်ရှိနေဆဲပဲလို့ သိရပါတယ်။

မကြာသေးခင်က လူမှုမီဒီယာမှာ လျင်မြန်စွာ ပျံ့နှံ့လာတဲ့ ဗီဒီယိုအရ ကျန်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၆၃ ယောက်ထဲက အယောက် ၂၀ ကိုတော့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သူတို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ မြဝတီမြို့အနီး ဖလူးဧရိယာမှာ ရှိနေတယ်လို့ ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဂျူဒါနုဂရာဟက ပြောပါတယ်။

ဒါ့အပြင် အဲဒီ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၂၀ ကို ဘာကြောင့် ဖမ်းဆီး ထိန်းသိမ်းထားသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သူတို့ဟာ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ မြန်မာနိုင်ငံကို ရောက်ရှိချိန်တွေ မတူညီကြဘဲ တချို့ဟာ ၃ နှစ်ကြာအထိ ရှိနေပြီး တချို့ကတော့ မြန်မာနိုင်ငံကို ရောက်တာ လပိုင်းအကြာပဲ ရှိသေးတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

လူမှုမီဒီယာမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲမှာတော့ အခန်းတခုထဲမှာ အင်ဒိုနီးရှား နိုင်ငံသားများစွာ ထိန်းသိမ်းခံထားရပုံကို ပြသထားပြီး သူတို့တွေဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်လို့ ပြောဆိုခဲ့တဲ့ လိမ်လည် လှည့်ဖြားသူတွေရဲ့ ရောင်းစားခြင်း ခံခဲ့ရပုံအကြောင်းတွေကို ဗီဒီယိုထဲမှာ မျှဝေထားပါတယ်။ 

သူတို့တွေဟာ မဝရေစာနဲ့ ဖြစ်သလို နေထိုင်စားသောက်နေရပြီး တနေ့ကို အလုပ်ချိန် ၁၅ နာရီကြာအထိ အဓမ္မ စေခိုင်းခံရကာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရမှုတွေလည်း ရှိနေတဲ့အကြောင်း ကြာမြင့်ချိန် ၂ မိနစ်နဲ့ ၁၁ စက္ကန့်ရှိတဲ့ ဗီဒီယိုထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်သို့ ကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေရဲ့ အတိဒုက္ခတွေကြောင့် လူမှုမီဒီယာပေါ်မှာ လူကုန်ကူးခံရမှုနဲ့ပတ်သက်ပြီး လူထုအသိပညာပေး ဆွေးနွေးမှုတွေ မြင့်တက်စေခဲ့ပါတယ်။

ဆီမရန်းမြို့မှ လူကုန်ကူးခံခဲ့သူတဦးရဲ့ မိသားစုတစုကတော့ ဒီဖြစ်ရပ်တွေကို စုံစမ်း အရေးယူ ဆောင်ရွက်ပေးဖို့ ဂျာဗားပြည်နယ် ဗဟိုရဲဌာနကို တိုင်ကြားထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ထိန်းသိမ်းခံနိုင်ငံသားများ ပြန်လည် လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ စစ်ကောင်စီထံ သံခင်းတမန်ခင်းဆိုင်ရာ စာတစောင် ပေးပို့ တောင်းဆိုထားကြောင်း သိရပါတယ်။

 Source:/Photo - TEMPO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013