Home
နိုင်ငံတကာ
အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး လူမှောင်ခိုကူးခံရပြီး ကမ္ဘောဒီးယားတွင် သေဆုံး
DVB
·
September 12, 2024
Photo-Reuters

အင်ဒိုနီးရှားနိုင်ငံသားတယောက် ကမ္ဘောဒီးယားနိုင်ငံမှာ လူမှောင်ခိုကူးခံရမှု စွပ်စွဲချက်နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တခုကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံရရှိခဲ့တဲ့အကြောင်း TEMPO  အင်ဒိုနီးရှားသတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ သေဆုံးသွားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား ဟန်ဒီ မူဆာရိုနီဟာ မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းတယောက်ရဲ့ သားဖြစ်ပြီး လူမှောင်ခိုကူးခံခဲ့ရသူတယောက် ဖြစ်တယ်လို့ သံသယရှိနေတာ ဖြစ်ပါတယ်။

ဟန်ဒီ မူဆာရိုနီ သေဆုံးမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ တိုင်ကြားချက်ကို ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်ရှိ အင်ဒိုနီးရှားသံရုံးနဲ့ နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့က လက်ခံရရှိခဲ့ကြောင်း၊ ကမ္ဘောဒီးယား အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဟန်ဒီဟာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တာလို့ ဖော်ပြထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရိုင်စိုမီရတ်က  စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားသံရုံးအနေနဲ့ ဟန်ဒီ အလုပ်လုပ်ခဲ့တဲ့နေရာနဲ့ ကုမ္ပဏီကို စုံစမ်းထောက်လှမ်းနေတဲ့အကြောင်း၊ ရုပ်အလောင်းကို နေရပ်ပြန်ပို့ရေးကိစ္စဟာ ကုမ္ပဏီမှာ တာဝန်ရှိတဲ့အကြောင်း၊ ဒါပေမဲ့ ကုမ္ပဏီကို အခုချိန်ထိ ဆက်သွယ်လို့ မရသေးတဲ့အကြောင်းနဲ့ ဟန်ဒီ မူဆာရိုနီရဲ့ ရုပ်အလောင်းကို အင်ဒိုနီးရှားသံရုံးရဲ့ အကူအညီနဲ့ ဖနွမ်းပင်ရှိ အသုဘရှုရာ နေရာမှာ ထားရှိထားတဲ့အကြောင်း  ရိုင်စိုမီရတ်က ဆက်ပြောပါတယ်။

တချိန်တည်းမှာပဲ သံရုံးအနေနဲ့ ဟန်ဒီရဲ့ မိသားစုကို ဆက်သွယ်ထားပြီးဖြစ်ပြီး ရုပ်အလောင်းကို အင်ဒိုနီးရှားနိုင်ငံ ပြန်လည်သယ်ယူနိုင်ရေးအတွက် ကူညီပေးသွားမှာ ဖြစ်တယ်လို့လည်း ရိုင်စိုမီရတ်က ရှင်းပြခဲ့ပါတယ်။

ဟန်ဒီ မူဆာရိုနီရဲ့ မိခင် စီတိရာမာကတော့ ဟန်ဒီဟာ အခုနှစ် မေ ၁၆ ရက်က ကမ္ဘောဒီးယား နိုင်ငံကို ထွက်ခွာသွားခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ပြီးတဲ့နောက် သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ တည်နေရာကို ပေးပို့ခဲ့ပြီး အဲဒီကုမ္ပဏီဟာ ဖနွမ်းပင်ရဲ့ တူလ်ဆန်ခီအနီးမှာ ရှိတဲ့အကြောင်း ပြောပြခဲ့ပြီး ပူဆွေးသောကရောက်နေတဲ့ မိခင်ဖြစ်သူဟာ ကုမ္ပဏီရဲ့ နာမည်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

ကမ္ဘောဒီးယားနိုင်ငံကို ရောက်ပြီး ၁ လအကြာ ဩဂုတ် ၁၆ ရက် မနက်ပိုင်းမှာ သားဖြစ်သူဟာ နာတာရှည် အသည်းရောဂါကြောင့် နေမကောင်းဖြစ်နေတယ် ဆိုတာကို ဖုန်းဆက်ပြောလို့ သိခဲ့ရတဲ့အကြောင်း၊ ကုမ္ပဏီက သူ့ရဲ့လစာကို ထိန်းသိမ်းထားတာကြောင့် အိမ်ပြန်လာချင်ပေမဲ့ အပြန်လမ်းစရိတ် မရှိတဲ့အတွက် ပြန်လာလို့ မရတဲ့အကြောင်း၊ ဟန်ဒီ သေဆုံးသွားတဲ့သတင်းကို သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီမှ ဟန်ဒီရဲ့ အဖွဲ့ခေါင်းဆောင်က အဲဒီနေ့ နှောင်းပိုင်းမှာပဲ လှမ်းအကြောင်းကြားလို့ သိရတဲ့အကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။

ဒါ့အပြင် သားဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာဖွေပေးဖို့နဲ့ နေရပ်ပြန်သယ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဩဂုတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ဆက်သွယ် တောင်းဆိုခဲ့ပေမဲ့ သားဖြစ်သူဟာ လူမှောင်ခိုကူးခံခဲ့ရတယ် ဆိုတာကို သက်သေပြနိုင်မှသာ အကူအညီ ပေးနိုင်မယ့်အကြောင်း၊ ရုပ်အလောင်းကို ပြန်သယ်ချင်တယ်ဆိုရင် အင်ဒိုနီးရှားငွေကြေး ရူပီယာ သန်း ၁၂၀ နဲ့ ၂၀၀ ကြား အကုန်အကျခံရမယ့်အကြောင်း သံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မိခင်ဖြစ်သူဟာ သေဆုံးသွားခဲ့တဲ့ သားဖြစ်သူရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားနိုင်ငံကနေ နေရပ်ပြန်သယ်နိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရက ကူညီဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကလည်း သမဂ္ဂအနေနဲ့ ဟန်ဒီရဲ့ မိခင်ကို ကူညီနိုင်ဖို့အတွက် အလှူငွေကောက်ခံမှုတွေ လုပ်ဆောင်နေသလို သံသယရှိ လူကုန်ကူးခံရမှုကိစ္စကို တုံ့ပြန်ဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းတဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013