Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီးက အင်ဒိုခရီးစဉ်အတွင်း ဗလီနှင့် ခရစ်ယာန်ဘုရားကျောင်း ဆက်ထားသည့် ဥမင်သို့ သွားမည်
DVB
·
September 2, 2024
Photo - REUTERS/Ajeng Dinar Ulfiana

အသက် ၈၇ နှစ်အရွယ် ကက်သလစ်ဘုရားကျောင်းတို့ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အာရှအရှေ့တောင်ဘက်က ကျွန်းနိုင်ငံ ၄ နိုင်ငံဆီ ၁၂ ရက်ကြာ အလည်အပတ်ခရီး စတင်ဖို့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ကို စက်တင်ဘာ ၃ ရက်မှာ ရောက်လာဖို့ စီစဉ်ထားပါတယ်။

လူဦးရေ သန်း ၂၈၀ ရှိပြီး ကမ္ဘာပေါ်မှာ မွတ်ဆလင် အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဆီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာပါ။ အင်ဒိုနီးရှား လူဦးရေ ၃ ရာခိုင်နှုန်းက ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီ၊ အရှေ့တီမောနဲ့ စင်ကာပူနိုင်ငံတွေဆီ မိုင် ၂၀,၅၀၀ နီးပါး ခရီးနှင်မှာ ဖြစ်ပါတယ်။

ဒူးနဲ့ ခါးနာနေလို့ အခုအခါ ဘီးတပ်ကုလားထိုင်ကို ပုံမှန်သုံးနေတဲ့ ပုပ်ရဟန်းမင်းကြီးအတွက် ဒါဟာ အရှည်ကြာဆုံးခရီး ဖြစ်ပါတယ်။

သူ့ရဲ့ အာရှ-ပစိဖိတ် ခရီးစဉ်အတွင်း ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးအတွက် တွန်းအားပေးတဲ့ သင်္ကေတအနေနဲ့ ပုပ်ရဟန်းမင်းကြီးဟာ မြို့တော်ရဲ့ အဓိက ဘုရားကျောင်းလို့ လူသိများတဲ့ Our Lady of The Assumption Cathedral လို့ခေါ်တဲ့ ဂျကာတာ ဘုရားရှိခိုးကျောင်းနဲ့ မြေအောက်ဥမင်ကတဆင့် ဆက်သွယ်ထားတဲ့ မြို့တော်က အစ္စကျူဝယ် ဗလီဆီ သွားရောက်လည်ပတ်ဖို့ မျှော်လင့်ရပါတယ်။

၉၃ ပေ ရှည်တဲ့ ဆီလာတူရာမီ ဥမင်ဟာ “ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်း” လို့ အဓိပ္ပာယ်ရပါတယ်။

ဗလီဝတ်ကျောင်းတော်ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကက်သလစ်ဘုရားကျောင်းနဲ့ ချိတ်ဆက်ထားပါတယ်။

ဘာသာရေး သဟဇာတဖြစ်မှု သင်္ကေတအဖြစ် ၂၀၂၀ ခုနှစ်မှာ အင်ဒိုနီးရှားအစိုးရက တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဗလီဝတ်ကျောင်းတော်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း ပုပ်ရဟန်းမင်းကြီးက သတင်းစကား ဆောင်ကြဉ်းပေးမှာလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံပြီး လူပေါင်း ၈၀,၀၀၀ ကျော် တက်ရောက်မယ့် ဂျကာတာ အားကစားကွင်းထဲမှာ အစုလိုက်အပြုံလိုက် ဝတ်ပြုဖို့လည်း စီစဉ်ထားတယ်လို့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် ကော်မတီ၊ ပြောရေးဆိုခွင့်ရှိသူ ခရစ်ယာန်ဘုန်းတော်ကြီး သောမတ်စ်အူလန် အစ်မိုယိုက ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013