အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့အများအပြားမှာ ဆိုင်ကယ်တက္ကစီ မောင်းသူ ၁၀၀၀ ကျော်ဟာ ဝင်ငွေ နည်းပါးမှုကြောင့် ဩဂုတ် ၂၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
အဌားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေရဲ့ တရားမျှတမရှိတဲ့ လုပ်ရပ်တွေအပေါ် အစိုးရအနေနဲ့ကြားဝင် ကာကွယ်ပေးဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။
Grab နဲ့ GoTo ကုမ္ပဏီကြီးတွေရဲ့ ဂျာကာတာ-ရုံးအနီး အပါအဝင် ဆက်သွယ်ရေးဝန်ကြီးဌာန အပြင်ဘက်မှာ ဆိုင်ကယ်တက္ကစီယာဉ်မောင်းနှင်သူတွေဟာ သူတို့ရဲ့ အမှတ်အသားဖြစ်တဲ့ အစိမ်းရောင်ဂျာကင်တွေ ဆင်တူဝတ်ဆင်ရင်း စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာကြောင့် ဝန်ဆောင်မှုနှေးကွေးတယ် ဆိုတဲ့ ဝေဖန်တိုင်ကြားမှုတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။
ကမ္ဘာ့အဆိုးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှုရှိရာ ဂျာကာတာမြို့ အပါအဝင် အင်ဒိုနီးရှားမှာ ဆိုင်ကယ်တက္ကစီတွေကို နေရာတကာ မြင်တွေ့နိုင်တာကြောင့် ဒါက အရေးကြီးတဲ့ လုပ်ငန်းတခုလည်း ဖြစ်ပါ တယ်။
GoTo လက်အောက်ရှိ Gojek ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဟာ ပုံမှန်အတိုင်းလုပ်ငန်းကို လည်ပတ်ထားနိုင်တယ်လို့ ပြောဆိုခဲ့ပြီး စင်ကာပူအခြေစိုက်ကုမ္ပဏီ Grab ကတော့ တုံ့ပြန်မှုမရှိပါဘူး။
ဒီယာဉ်မောင်းတွေဟာ တနေကုန်အလုပ်ချိန် ၁၀ နာရီ ကြာ လုပ်နေရပေမဲ့ နေ့စဉ် ၁၀ ဒေါ်လာနီးပါးသာ ရရှိနေတာဖြစ်ပြီး ဒါဟာ ဂျာကာတာရဲ့ အနိမ့်ဆုံးလုပ်အားခဖြစ်တဲ့ ဒေါ်လာ ၃၀၀ ကျော်ထက် အတော်လျှော့နည်းပါတယ်။
ဒါကြောင့်ဆန္ဒပြသူတွေက ခရီးစဉ်တိုင်းအတွက် လောလောဆယ်ရနေတဲ့ ၈၀ ရာခိုင်နှုန်းထက် ပိုပြီးတိုးမြှင့်ပေးဖို့နဲ့ ညှိနှိုင်းခွင့်ပိုရလာနိုင်မယ့် အထူးအခွင့်အာဏာပေးဖို့ အစိုးရကိုတောင်းဆိုခဲ့ကြပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ လူ့စွမ်းအားဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပေမဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ ယာဉ်မောင်းတွေရဲ့ တောင်းဆိုချက်အပေါ် နားစွင့်ကြဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေကို တိုက်တွန်းခဲ့ပါတယ်။
တက္ကစီအဌားဝန်ဆောင်မှုနဲ့ အစားအသောက်ပို့ဆောင်ရာမှာ Grab က အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးလုပ်ငန်းဖြစ်ပြီး GoTo ကိုတော့ အင်ဒိုနီးရှားရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီ တခုအဖြစ် ဖော်ပြထားပါတယ်။ ဒီကုမ္ပဏီနှစ်ခုပေါင်း စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိပါတယ်။
Source-Reuters