အာဂျင်တီးနားနိုင်ငံမှာ ပင်စင်လစာတွေ တိုးမြှင့်ပေးမယ့် ပင်စင်ပြုပြင်ပြောင်းလဲမှုကို တချက်လွှတ်အမိန့်နဲ့ ပယ်ချမယ့် သမ္မတ ဟာဗီယားမီလေ့ကို ဩဂုတ် ၂၈ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဗျူနိုအေးရိစ်မြို့မှာ စုရုံးနေကြတဲ့ အာဂျင်တီးနား အငြိမ်းစား ပင်စင်စားအုပ်စုနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေအကြားမှာ အကြမ်းဖက်မှုတွေက ပြင်းထန်ခဲ့ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေဟာ အမျိုးသားလွှတ်တော်အနီး ချီတက်ပွဲမှာ ဆန္ဒပြသူတွေက တွန်းထိုးနေကြတာကြောင့် ရဲအရာရှိတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။
အထက်လွှတ်တော်ဟာ နိုင်ငံရဲ့ဂဏန်းသုံးလုံး ငွေကြေးဖောင်းပွမှုနဲ့အညီ ပင်စင်လစာတိုးပေးဖို့ တခဲနက် သဘောတူခဲ့ပြီး ဒီအစီအမံဟာ သမ္မတ မီလေ့ တွန်းအားပေးနေတဲ့ တင်းကျပ်တဲ့ ဘဏ္ဍာရေးချိန်ခွင်လျှာကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
သြဂုတ် ၂၂ ရက်က အထက်လွှတ်တော်မှ အတည်ပြုခဲ့တဲ့ ပင်စင်ပြုပြင်ပြောင်းလဲမှုကို သမ္မတ မီလေ့ က ဗီတိုအာဏာသုံးပယ်ချဖို့ အစီအစဉ် ရှိကြောင်း ကြေညာခဲ့တာကြောင့် အဲဒီလုပ်ရပ်ဟာ လစ်ဘရယ်ဝါဒီခေါင်းဆောင်နဲ့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ကွန်ဂရက်အကြားရှိ ဆက်လက်ဖြစ်ပွားနေတဲ့ အကွဲအပြဲကို ကျယ်ပြန့်သွားစေပါတယ်။
ပင်စင်လစာတွေကို တိုးပေးလိုက်ရင် ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းကို အပိုသုံးစွဲဖို့ လိုအပ်တာကြောင့် ဒီဥပဒေကြမ်းရဲ့ တခုတည်းသော ရည်ရွယ်ချက်မှာ အစိုးရရဲ့စီးပွားရေး အစီအစဉ်ကို ဖျက်ဆီးဖို့သာ ဖြစ်ကြောင်း မီလေ့ ရုံးခန်းက X မှာ ပို့စ်တင်ထားပါတယ်။
Source-Reuters