Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကွမ်းရွက်တပိဿာ ကျပ် ၃၀,၀၀၀ အထိ မြင့်တက်
DVB
·
September 25, 2024
photo Crd- Min Tun + KKL

ကွမ်းထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ ကွမ်းရွက်တပိဿာကျပ် ၃၀၀၀၀ အောက်မကျလို့ ကွမ်းစားသုံးသူတွေ အခက်တွေ့နေသလို စိုက်ပျိုးသူတွေအတွက်လည်း အကျိုးမဖြစ်ဘူးလို့ ဒေသခံတွေနဲ့ ကွမ်းရွက်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းက ကွမ်းရွက်တပိဿာကျပ် ၁၆၅၀၀ အထိသာ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်ကနေ ဒီနေ့အထိ ကွမ်းရွက်တပိဿာကျပ် ၃၀၀၀၀ အထိ ဈေးပေါက်နေကာ ကွမ်းခြံတွေရေနစ်မြုပ်ပျက်စီးခဲ့လို့ ကွမ်းဈေးကောင်းပေမယ့် စိုက် ပျိုးသူတွေအတွက် အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှ ကွမ်းစိုက်ပျိုးရေး လုပ်ငန်းရှင်တယောက်က “ဈေးဘယ်လောက်ပေါက်ပေါက် မြောက်မြောက်ဖြစ်နေနေ အစ်တို့ ကွမ်းခြံတွေပျက်စီးခဲ့တာလေ။ ဈေးကောင်းနေပေမဲ့ ဘာအကျိုး ဖြစ်မှာလဲ။ ကွမ်းဈေးတက်နေတာဟုတ်ပါတယ်။ ဒီနေ့အထိ တပိဿာကျပ် ၃၀၀၀၀ ပေါက်နေတာ။ အခုလို အဆမတန် ဈေးထိုးတက်နေတာကလည်း ဒေသထွက်ကွမ်းခြံတွေ ပျက်စီးခဲ့လို့လည်း ဈေး မြောက်နေတာ။ ကွမ်းခြံလုပ်ငန်း လုပ်လာတာ ၂၁ နှစ်အထိရှိလာပြီး ဒီလောက်ကွမ်းဈေးနဲ့ မရောင်းခဲ့ရဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ စက်တင်ဘာ ပထမအပတ်က ရေကြီးရေလျှံမှုတွေကြောင့် ကွမ်းခြံတွေ ရေနစ်မြုပ်ပျက်စီးခဲ့တဲ့အတွက် ကွမ်းရွက်တပိဿာကို ငွေကျပ် ၃၀၀၀၀ အထိ ဈေးပေါက်နေတာဖြစ်ပြီး အခုလို ကွမ်းဈေးထိုးတက်နေလို့ ကွမ်းမစားနိုင်တော့တဲ့သူတွေရှိလာ တယ်လို့ သိရပါတယ်။

ဘိုကလေးဒေသခံတယောက်က “အလုပ်အကိုင်တွေက မကောင်းဘူး၊ ဈေးတွေက အကုန်ထိုးတက်နေတာ။ အရင်က တနေ့ ကွမ်း ၄၀ သားလောက် အိမ်မှာကုန်တယ်၊ ၃ ယောက်စားတာလေ။ အခုတော့ ကွမ်းရွက်ဝယ်မစားနိုင်တော့ဘူး။ ကွမ်းရွက်ဈေးက အဆမတန်တက်နေတာ။ ထမင်စားဖို့ပဲ ဦးစားပေးနေရတာ။ မဖြစ်မနေ အစားအစာ မဟုတ်တော့လေ။ မနေတော့ မနေနိုင်ဘူးပေါ့၊ စားလာတာ နှစ်မနည်းဘူးလေ။ အိမ်က အမျိုးသားဆို မာလကာရွက်နဲ့ စားနေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံတဲ့ဒဏ်ကြောင့် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ မြန်အောင် စတဲ့ ကွမ်းအဓိက စိုက်ပျိုးတဲ့ဒေသတွေက ကွမ်းခြံတွေ ပျက်စီးခဲ့တာလို့ သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှ ကွမ်းစိုက်ပျိုးသူတယောက်က “မနှစ်ကရေကြီးပေမဲ့ ဒီနှစ်လောက် မဆိုးခဲ့ပါဘူး။ ဒီလောက် မဆိုးတော့ အပျက်အစီးနည်းတာပေါ့။ အခုတော့ ကိုယ်တယောက်တည်း ပိုင်တဲ့ ကွမ်းခြံတောင် ၃ ခြံလောက် ပျက်စီးခဲ့တာ၊ ၃ ဧကကျော်ကျော်ပေါ့။ ရွာချင်းဆက် ကျေးရွာတွေဘက်မှာလည်း မနည်းပျက်စီးတာတွေရှိတယ်။ ကွမ်းခြံ ၃ ခြံဆို မနည်းဘူး ဆုံး ရှုံးခဲ့တာ။ ကွမ်းစိုက်ပျိုးရတဲ့အလုပ်က သိပ်အရင်းနှီးများတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေ စပါးနဲ့ ယှဉ်တွဲကာ ကွမ်း၊ ငရုတ်၊ ငှက်ပျော စတဲ့သီးနှံတွေအား တောင်သူတယောက်ကို တဧကနေ ၁၀ ဧကအထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ဧရာဝတီတိုင်းမှာ  ကွမ်းရွက် ၁ ပိဿာဈေးဟာ ကျပ် ၈၀၀ ကနေ ၁၆၀၀ သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တပိဿာ ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၁,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကာ အခုနှစ်အထိ တပိဿာကို ၃၀၀၀၀ အထိ ဈေးရောက်ရှိလာပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013