ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းအရောင်းတွေကို ဈေးတင်မရောင်းဖို့နဲ့ ကုန်ပစ္စည်း မပြတ်လပ်စေဖို့ ရဲတပ်ဖွဲ့ပါတဲ့ပူးပေါင်းအဖွဲ့တွေ လိုက်လံစစ်ဆေး သတိပေးနေတယ်လို့ စိုက်ပျိုးရေးသုံးဆေးနဲ့ သွင်းအားစုရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်က စတင်ပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့၊ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ စတဲ့ ခရိုင်နဲ့မြို့နယ် အဆင့်အဖွဲ့ အစည်းတွေက လိုက်လံ စစ်ဆေး သတိပေးနေတာလို့ ဆိုပါတယ်။
ကြံခင်းမြို့က စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း ဆိုင်ရှင်တယောက်က “စိုက်ပျိုးရေးသုံးဆေးနဲ့ သွင်းအားစုတွေ ဈေးအဆမတန် ထိုးတက်နေလို့ဆိုပြီး စစ်ပြန်တာပဲ။ ဒီလိုသူတို့ စစ်ဆေးလို့ ပြီး သွားမလာ။ ရဲတွေပါတဲ့အဖွဲ့က လိုက်စစ်ဆေးတာ။ ဘယ်လောက်သိုလှောင်ထားလဲ၊ ဘယ်ဈေး ရောင်းနေတာလဲပေါ့ မေးတာ။ ရှိတာနဲ့ရောင်းတဲ့ ဈေးတော့ ပြလိုက်တာပဲ။ ဒီလိုဆိုင်းသေး သေးလေးတွေကို လိုက်စစ်နေသေးတယ်၊ လိုအပ်ချက်ပြည့်မီအောင် တင်သွင်းပါလာ။ ဒါဆိုဈေးက မကျ စရာအကြောင်းကိုမရှိတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ကြံခင်း၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ အင်္ဂပူ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း ၊ကျုံပျော်၊ မအူပင်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဝါးခယ်မ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့ တွေက လိုက်လံစစ်ဆေးနေတာလို့ဆိုပါတယ်။
ကျိုက်လတ်မြို့နယ်က စိုက်ပျိုးရေးသုံးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ကုန်ဈေးနှုန်း တက်လာပြီဆို အခုလို လိုက်စစ်ဆေးတာကတော့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ ရဲ့ အလုပ်တခုပဲ။ သတ်မှတ်ဈေးနဲ့ ရောင်းချဖို့ စာရွက်နဲ့ ရေးပေးသွားတယ်၊ မရောင်းရင် အရေးယူခံရမယ်တဲ့။ ကိုယ်တွေက သုံးဆင့်လောက် ယူရောင်းရသူတွေပါ၊ သင့်တင့်တဲ့ အမြတ်ပဲယူထားတာ။ အမြတ်ဘယ်လောက်မှ တင်မထားပါဘူး။ သူတို့ သတ်မှတ်တဲ့ဈေးနဲ့ ရောင်းရင်မွဲမှာ။ သူတို့ပြည်ပဈေးကွက်ကနေ စနစ်တကျ လောက်လောက်ငင မတင်သွင်းနိုင်ဘဲ အရပ်သားတွေရဲ့ စီးပွားရေးပဲ ပြသနာရှာနေတာ” လို့ ပြောပါတယ်။
အခုလိုဆိုင်တွေကို စစ်ဆေးပြီးနောက် စိုက်ပျိုးရေးသုံး ဆေးဝါးနဲ့ ဓာတ်မြေသြဇာ၊ သွင်းအားတွေအနေနဲ့ မရောင်းဘဲ ရပ်ထားတာ၊ ဈေးမြှင့်တင်ရောင်းချတာ၊ ကုန်ပစ္စည်းပြတ် လပ်တယ်လို့ အကြောင်းပြမရောင်းတာတွေ လုပ်ရင် စစ်ဆေး ဖမ်းဆီးကာ တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်သွား တယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးသုံးကုန်ပစ္စည်းသွင်းတွေ ဈေးမတည်မငြိမ် ဖြစ်တာဟာ ဒေါ်လာဈေး မတည်ငြိမ်တာနဲ့ စစ်ကောင်စီက ပြည်ပကုန်စည်တင်သွင်းမှု စနစ်တကျ မဆောင်ရွက်နိုင်တာကြောင့်ဖြစ်ပြီး လက်ရှိ အထွေထွေစိုက်ပျိုးရေးသုံးကုန်ပစ္စည်းတခုကို ပျမ်းမျှ ၃၀၀၀၀ ကနေ ၅၀၀၀၀ အထိ ဈေးထပ် တက်လာတယ်လို့ လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းမှာ ဆန်ဈေးတွေ အဆမတန် ထိုးတက်ခဲ့တဲ့ ဇွန်လတုန်းကလည်း ဆန်ဆိုင်တွေကို စစ်ဆေးတာ၊ ဆန်နဲ့စပါး ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေနဲ့ စက်ပိုင်တွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။