ဧရာဝတီတိုင်းက စစ်ကောင်စီတပ်ရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ စစ်တပ်အရာရှိ ၅ ယောက်ကို စက်သုံးဆီနဲ့ တရားမဝင် သစ်မှောင်ခို ခိုးယူတင်သွင်းမှု စတဲ့အမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဗိုလ်မှူးကြီးအဆင့်ရှိသူ မျိုးညွန့်ဦး၊ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်းနဲ့ တပ်ရင်းမှူးအဆင့် ၂ ယောက်၊ စုစုပေါင်း ၅ ယောက်ကို စက်တင်ဘာ ပထမအပတ်က စစ်ကောင်စီရဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ် (စရဖ) က ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။
နတခ စစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “အဲဒီအရာရှိ ၅ ယောက်ကို တရားမဝင် ကျွန်းသစ်ခိုးယူတင်သွင်းမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှု၊ တပ်သားအင်အား လိမ်လည်ဖော်ပြမှု စတဲ့အမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ယာယီ ထိန်းသိမ်းထားတယ်တဲ့” လို့ ပြောပါတယ်။
စစ်ဆေးခံနေရတဲ့ အရာရှိတွေနဲ့ နီးစပ်သူက “သူတို့ကို စစ်ကောင်စီတပ်(စရဖ)က ရန်ကုန်မြို့က မင်္ဂလာဒုံတပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတာတဲ့။ ဧရာဝတီတိုင်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တပ်ရင်းဖွဲ့စည်းပုံအင်အားကို စာရင်းလိမ်လည် ဖော်ပြမှုတွေ ရှိနေတာနဲ့ ရှေ့တန်းစစ်မြေပြင် မလိုက်ရဖို့ တိုင်းစစ်ဌာနချုပ်နဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်ဆိုပြီး အဲဒီအမှုတွေပါ စစ်ဆေးတာလို့ သိရတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ တပ်ရင်းတပ်ဖွဲ့အလိုက် လိုအပ်တဲ့ အင်အားပမာဏ မပြည့်မီလို့ စစ်ကောင်စီက ကွင်းဆင်း ဝင်ရောက်စစ်ဆေးရင်း စက်သုံးဆီနဲ့ ကျွန်းသစ် တရားမဝင် မှောင်ခိုလုပ်ကိုင်မှုတွေပါ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းမှာ အခုလို တပ်အရာရှိတွေ လာဘ်စားတာ၊ တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေလို့ စစ်ဆေးပေါ်ပေါက်လာတာအပြင် မော်လမြိုင်ကျွန်းမြို့နယ်က စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သီဟဇော် အပါအဝင် ဘိုကလေး၊ မအူပင်၊ ကျိုက်လတ် စတဲ့မြို့နယ်တွေက စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေလည်း ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းကာ လာဘ်စားတာ၊ တရားမဝင် လောင်းကစားတွေလုပ်တာ၊ တရားမဝင် စစ်မှုထမ်း အစားထိုးကြေး ကောက်တာ၊ တရားမဝင် ဆန်စပါးသိုလှောင်တာ၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်တာတွေပါ ဖြစ်ပေါ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။