Home
မြန်မာသတင်း
နိုင်ငံတဝန်းရေကြီးနေချိန် ဧရာဝတီတိုင်းတွင် ၂၀၀၈ ဥပဒေအကြောင်း လိုက်လံဟောပြော
DVB
·
September 14, 2024
Photo Crd- MMK
Photo Crd- MMK

နိုင်ငံအနှံ့အပြားရေကြီးပြီး တိုင်းအတွင်းမှာလည်း ရေကြီးနေချိန် ဧရာဝတီတိုင်းက စစ်ကောင်စီ ဩဇာခံအဖွဲ့အစည်းတွေဟာ ၂၀၀၈ အခြေခံဥပဒေနဲ့  ရွေးကောက်ပွဲကော်မရှင်ဥပဒေ အကြောင်း ခေါင်းစဉ်တပ်ပြီး လိုက်လံမဲဆွယ် ဟောပြောစည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်ကစလို့ စစ်ကောင်စီဩဇာခံပညာရေးဌာန၊ ရွေးကောက်ပွဲကော်မရှင်နဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေက စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လိုက်လံ ဟောပြောစည်းရုံးနေတာလို့ ဆိုပါတယ်။

ပညာရေးဌာနဝန်ထမ်းတယောက်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နဲ့  ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ဥပဒေတွေကိုသိရှိစေဖို့ဆိုပြီး လိုက်ဟောပြောနေတာ။ အသက် ၁၇ နဲ့ ၁၈ အရွယ် စနစ်သစ် G-11  G-12  တက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို အဓိကထား ဟောပြောတာတွေ့ရတယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်ပေါ့။ လူငယ် လူရွယ်တွေရော၊ ဆရာ၊ ဆရာမတွေရော သေချာသုံးသပ်ပြီး မဲထည့်ကြပါပေါ့။ အဲလိုဟောပြောတာ။ လူရွေးမမှားစေနဲ့လို့ ဟောပြောတာ။ ဒါက ဒါမဲဆွယ်တာပဲ” လို့ ပြောပါတယ်။

ဟောပြောပွဲတွေကို အထက်တန်း စနစ်သစ် G 11 - G12 စတဲ့ ကျောင်းသား ၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ အင်အား ၅၀၀ ထက်မနည်းစုဆောင်း တက်ရောက်နားထောင်ဖို့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက ဖိအားပေးခေါ်ခိုင်းတာလို့ ဆိုပါတယ်။

ဓနုဖြူမြို့နယ်က ကျောင်းသားမိဘတယောက်က “သူတို့ရေးဆွဲထားတဲ့ ၂၀၀၈ ဥပဒေက ဘယ်လောက် ကောင်းကြောင်းပေါ့။  နိုင်ငံ့ခေါင်းဆောင်တွေက အမြော်အမြင်ရှိရှိ စနစ်တကျ ရေးဆွဲထားတယ်။ အဲဒါတွေ ဟောပြောတာလို့သိရတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပြောဟောထားတာတွေကို စနစ်တကျမှတ်သားထားပြီး လာမယ့်ရွေးကောက်ပွဲမှာ လက်တွေ့ အသုံးချပေါ့။ ကျောင်းသားတွေကို ပြောတာ” လို့ ပြောပါတယ်။

ဟောပြောပွဲတွေကို ဓနုဖြူ၊ ညောင်တုန်း၊ ဘိုကလေး၊ ဟင်္သာတ၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ မြောင်းမြ စတဲ့မြို့နယ်တွေက စာသင်ကျောင်းတွေမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့ဆိုပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ သန်းခေါင်စာရင်းအကြောင်း ဟောပြောတာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကြံခင်း - မြန်အောင် - ဟင်္သာတ ကားလမ်းပေါ်မှာ ရေကျော်တက်နေတာကြောင့် စက်တင်ဘာ ၁၂ ရက် ညပိုင်းကစပြီး ယာဉ်တွေသွားမရဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ ယာဉ်မောင်းတယောက်က “စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းကတည်းက ရေကျော်နေတာ။ မနေ့ ၁၃ ရက်နေ့ မနက်ကျတော့ လုံးဝကိုသွားမရတော့တာ။ အခုရေကျော်တက်နေတဲ့ လမ်းပိုင်းက မြို့နယ် ၅ ခုလောက်ရဲ့ တကယ့်လမ်းဆုံလမ်းဂွလေ။ ရေစီးကသန်တော့ အန္တရာယ်ရှိတဲ့အခြေအနေပါ။ မြစ်ရေကအဆမတတန် ကျော်တက်စီးဆင်းနေတာ။ ဘယ်ယာဉ်မှ သွားမရတာလေ” လို့ ပြောပါတယ်။

ကားလမ်းရေကျော်နေလို့ ကုန်ကားတွေအပါအဝင် ကားအစီးရေ ၅၀ ထက်မနည်း ရပ်တန့်လမ်းပိတ်ဆို့နေပြီး နောက်ကြောင်းပြန်လှည့်တဲ့ယာဉ်တွေ၊ ဆိုင်ကယ်တွေလည်း မနည်းဖြစ်နေတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “ရေထပ်တိုးလာရင်တော့ လုံးဝအန္တရာယ်ရှိတဲ့ အခြေအနေဖြစ်သွားပြီး။ အခုတောင် သွားမဘူးလေ။ ရေကျော်နေတဲ့နေရာက ကမ်းပါးက ပင်လယ်ပြင်လိုဆိုတော့ ဆိုးတာ။ အန္တရာယ်ရှိတယ်ဆိုပြီး တာဝန်ရှိသူတွေတော့ သတိပေးနေတာ တွေ့ရတယ်။ ရေက ၄ ပေကျော် ၅ ပေ လောက်တက်ကျော်နေတာ” လို့ ပြောပါတယ်။

အဲဒီ ကားလမ်းရေကျော်တဲ့နေရာမှာ ပြည်သူတွေ သတိပြုသွားလာဖို့အတွက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက သတိပေးတာတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အဲဒီ အင်္ဂပူ - ကြံခင်း - ဟင်္သာတ၊ မြန်အောင် တဆက်တည်း ကားလမ်းပေါ် ဧရာဝတီမြစ်ရေမြင့်တက်ရေကျော်နေချိန် လမ်းဖြတ်ကူးတဲ့ဆိုင်ကယ်တွေ ရေစီးနဲ့မျောပါခဲ့သေးတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013