ဧရာဝတီတိုင်း၊ မြို့နယ်တချို့မှာ အခုနှစ် မိုးစပါးစိုက်ခင်းတွေထဲ စပါးအပင်ဖျက် ဖြုတ်ပိုးတွေ ကျရောက်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ဒေးဒရဲမြို့နယ်မှ တောင်သူတယောက်က “စပါးခင်းတွေ ဖြုတ်ပိုးတွေကျနေတာ သုံးပတ်လောက် ရှိနေပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေတာ မရဘူးဖြစ်နေတယ်။ ပိုးသတ်ဆေးတွေ ဝယ်သုံးရအောင်လည်း ပိုက်ဆံကမရှိ ဖြစ်နေတယ်။ တခါမှ ဒါမျိုးပိုးတွေကျတာ မကြုံဖူးဘူး။ ပိုးကျတဲ့အခြေအနေကို ကြည့်ရတာတော့ စပါးတွေ စစိုက်တဲ့အချိန်တုန်းက ပိုးသတ်ဆေးတွေ အသုံးမပြုနိုင်ခဲ့လို့ ထင်တယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ ဘိုကလေး၊ သာပေါင်း စတဲ့မြို့နယ်တွေမှာ လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက်ကတည်းက ဖြုတ်ပိုးကျရောက်နေတာ ဖြစ်ပြီး အခု ဖြုတ်ပိုးကျရတဲ့ဖြစ်စဉ်ဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့်နဲ့ စပါးတွေ စစိုက်တဲ့အချိန်က ပိုးသတ်ဆေးတွေ အသုံးမပြုနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံတောင်သူတယောက်က “လောလောဆယ်တော့ ရိုးရာမီးထောင်ချောက်တွေလည်း လုပ်တယ်၊ ဆေးလည်းဖျန်းတယ်၊ မနိုင်ဘူး။ ကျနော်တို့ ရွာတွေနားကတော့ တောင်သူတိုင်းလိုပဲ ပိုးဒဏ်ခံရတာပဲ။ စပါးစိုက်တဲ့ အချိန်က စိုက်ပျိုးရေးစရိတ်တွေ များလို့၊ ဈေးတက်ခဲ့လို့၊ ဝယ်မသုံးနိုင်လို့ အခု ပိုးကျတဲ့ဒဏ် ခံရတာ။ ဒီနှစ်အတွက်ကတော့ တောင်သူတွေ ဆုံးရှုံးမှုများမယ့်နှစ်ပဲ” လို့ ပြောပါတယ်။
မြန်မာငွေကြေးတန်ဖိုး ကျဆင်းနေတာနဲ့အတူ ပြည်ပက တင်သွင်းနေတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတာကြောင့် ပိုးသတ်ဆေး အပါအဝင် လယ်ယာသုံးသွင်းအားစုတွေ ဝယ်ယူသုံးစွဲဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ မိုးစပါးကို ပေါ်ဆန်းရင်၊ ဘေးကြား၊ သီးထပ်ရင်၊ ရွှေသွယ်ရင်၊ ထိုင်းဘေးကြား၊ မနောသုခ စတဲ့ စပါးအမျိုးအစားတွေကို အဓိကစိုက်ပျိုးထားကြပြီး ပုံမှန်အားဖြင့် စပါးတဧကကို တင်း ၁၀၀ ဝန်းကျင် ထွက်ရှိပေမဲ့ ဒီနှစ်မှာတော့ ဖြုတ်ပိုး ကျရောက်နေတဲ့အတွက် စပါးအထွက် သိသိသာသာ ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။