Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မီးပြတ်ပြီး မီတာခ ဈေးတက်သဖြင့် ရေသန့်လုပ်ငန်းများ အခက်တွေ့
DVB
·
September 7, 2024
Photo Crd-တော်ဝင်၊ သူရ

ဧရာဝတီတိုင်းမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာနဲ့ မီတာခဈေး ထပ်တက်တဲ့အတွက် ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ရေသန့်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ မကြာခဏ လျှပ်စစ်မီးပြတ်တောက်တာ၊ မီတာခဈေး ထပ်တက်လာတာနဲ့ မီးပြန်လာရင်လည်း သတ်မှတ်ဗို့အား မပြည့်တဲ့ အခြေအနေတွေကြောင့် ရေသန့်လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အခက်အခဲတွေ ဖြစ်နေပြီး မီးပုံမှန်မလာတာဟာ ၃ နှစ်ကျော်အထိ ရှိလာပြီလို့ ဆိုပါတယ်။

မအူပင်မြို့က ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တယောက်က “အစ်ကိုတို့လုပ်ကိုင်နေတဲ့ ရေသန့်စက်က မီးအား ၂၂၀ ဗို့အဝင်ရမှ ထုတ်လို့ရတာလေ။ မီးစက်နဲ့ လုပ်ကိုင်ဖို့ကလည်း ဒီစက်သုံးဆီဈေးတွေနဲ့ မတတ်နိုင်ပါဘူး။ ဒါမျိုး ဖြစ်လာတာကလည်း တနေ့မဟုတ်တော့ တော်တော်ခက်တယ်။ အခု မီတာခဈေးကလည်း အရင်ထက် ထပ်တက်လာတယ်၊ အရင်က တလ ၃ သိန်းဆို အခု ၉ သိန်းလောက် ပေးရတော့မှာ။ မီးပုံမှန် မလာတာကို အဆင်ပြေနိုးနိုးနဲ့ အခြေအနေ စောင့်ကြည့်လုပ်ခဲ့တာ။ ရှေ့ဆက် ဒီအခြေအနေဆို အဆင်မပြေရင်တော့ ရပ်ပစ်ဖို့သာ ရှိတော့တယ်” လို့ ပြောပါတယ်။

ပုံမှန်မီးလာချိန်မှာ တနေ့ကို ရေသန့်ဘူး အရေအတွက် ၄၀၀ ကျော် ထုတ်နိုင်ပြီး လျှပ်စစ်မီး မလာတဲ့အချိန် စက်သုံးဆီ အသုံးပြုကာ မီးစက်နဲ့ ရေသန့်စင်ရင်တော့ ၁ နာရီကို ဘူးအရေအတွက် ၁၀၀ လောက်ပဲ ထုတ်လုပ်နိုင်တာကြောင့် အမြတ်မကျန်ဘူးလို့ ဧရာဝတီတိုင်း ပုသိမ်မြို့က ရေသန့်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အလုပ်လုပ်ရတာ အဆင်ပြေတဲ့ရက် ရှိပါ့မလားတောင် မသိတော့ဘူး။ အခုက ဝန်ထမ်းတွေ အတွက် လစာတောင် အပြည့်အဝ ပြန်မရဘူး။ မီးလာတဲ့အချိန် စောင့်လုပ်နေရတာ၊ မီးကလည်း လာတဲ့အချိန် နောက်ကျသလို မီးအားလည်း မပြည့်ဘူး။ ကိုယ့်စက်နဲ့ ကိုယ်မောင်းလုပ်တော့လည်း ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ အခု မီတာခက ထပ်တက်လာတယ်။ အခုဆို တော်တော် အခက်အခဲဖြစ်လာတယ်။ ဒီလကုန်လောက်အထိ စောင့်ကြည့်မယ်၊ အဆင်မပြေရင် နားမယ်။”

အခုလို ရေသန့်ထုတ်လုပ်ဖို့ ကုန်ကျစရိတ် များပြားနေတာကြောင့် ရေသန့် ဈေးတင် ရောင်းတော့ လည်း ငွေကြေးကျပ်တည်းလာမှုကြောင့် ဝယ်ယူသူ မရှိသလောက် ဖြစ်သွားတယ်လို့ ရေသန့် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းအခက်အခဲတွေ အတော်ဖြစ်နေတာကြောင့် အခု စက်တင်လကုန်အထိ စောင့်ကြည့် လုပ်ကိုင်ကြမှာဖြစ်ကာ လျှပ်စစ်မီး ပုံမှန်အခြေအနေအထိ မရပါက လုပ်ငန်းရှင်တချို့ ရပ်နားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013