ဧရာဝတီတိုင်း မြို့နယ်တချို့မှာ အဆက်မပြတ်ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူနေအိမ်ရာချီ ရေနစ်မြုပ်ကာ ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း ကြံခင်း၊ အင်္ဂပူ၊ ပန်းတနော် စတဲ့မြို့နယ်တချို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အတွင်း ရေကြီးရေလျှံမှုဒဏ်ကြောင့် နေအိမ် ၂၀၀ ထက်မနည်း ရေနစ်မြုပ်ခဲ့ပြီး အခြေခံပညာစာသင်ကျောင်း ၁၀ ကျောင်း ပိတ်ထားရကာ ကလေးငယ်တယောက် ရေစီးနဲ့မျောပါ သေဆုံးပြီး အစားအစာနဲ့ ဆေးဝါး၊ ရေသန့်တွေ အကူအညီ လိုအပ်နေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခုရေကြီးမှုက မနှစ်ကထက် တော်တော်ကို ပိုဆိုးတယ်။ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အမှတ် ၂ ရပ်ကွက်က ကလေးငယ်တယောက် စက်တင်ဘာ ၁၂ ရက်က ရေနစ်သေဆုံးခဲ့တယ်။ အိမ်တွေကတော့ မနေ့ကအထိ ရေမြုပ်နေတုန်းပါ။ လတ်တလော အစားအစာနဲ့ ရေသန့်တွေ အဓိက လိုနေတာ။ ဘာမှလည်း လုပ်မရ၊ ဘယ်မှလည်း သွားမရသေးဘူး” လို့ ပြောပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ပန်းတနော်ဘက်က မိုးမိတဲ့ဒဏ်နဲ့ မြစ်ရေမြုပ်တဲ့ဒဏ်ကြောင့် ရေဘေးရှောင်တွေတချို့ ဖျားနေတယ်။ အဓိကကတော့ အဖျားပျောက် ဆေးဝါးတွေ၊ စားစရာတွေနဲ့ ရေသန့်တွေ အကူအညီ လိုအပ်နေတယ်။ ရေက မကျသေးဘူး။ ကြံခင်းဘက်မှာ စာသင်ကျောင်း ၁၀ ကျောင်းပါ ပိတ်ထားရတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ အခုတကြိမ် ရေကြီးရေလျှံမှုဒဏ်ကို ပန်းတနော်မြို့နယ်၊ ကညင်ကုန်းအုပ်စု၊ နတ်ဆည်ကျေးရွာနဲ့ ကြံခင်းမြို့နယ် အမှတ် ၁၊ အမှတ် ၃ နဲ့ အင်္ဂပူမြို့နယ် အင်္ဂပူ-မြန်အောင် ကားလမ်းဘေး စတဲ့နေရာတွေမှာ အများဆုံး ရေဘေးဒဏ် ခံစားနေရပြီး ရေဘေးဒဏ် ကြုံနေရတဲ့ ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေဘေးလွတ်တဲ့ ကုန်းမြင့်နေရာတွေမှာ ရွှေ့ပြောင်းနေသလို အသိမိတ်ဆွေတွေရဲ့အိမ်တွေမှာ စုပေါင်းနေထိုင်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရေကြီးရေလျှံမှုကြောင့် ကလေးငယ် တယောက် သေဆုံးကာ စပါးအပါအဝင် သီးနှံစိုက်ခင်း ဧက ၁ သိန်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပြီး လူအယောက် သိန်းချီ ရေဘေးဒဏ် ခံစားခဲ့ရတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ရေကြီးရေလျှံမှုဒဏ်ကြောင့် ပန်းတနော်၊ ကြံခင်း၊ မအူပင်၊ ဇလွန်၊ ဟင်္သာတ၊ ဘိုကလေး၊ သာပေါင်း၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ငပုေတာ စတဲ့မြို့နယ်တွေက စာသင်ကျောင်းတွေ အပါအဝင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၀ ထက်မနည်း ယာယီပိတ်ခဲ့ရတယ်လို့ သိရပါတယ်။