Home
မြန်မာသတင်း
လက်ကိုင်ဖုန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ပုံ တွေ့ရှိမှုကြောင့် သထုံကလူငယ် ၂ ဦး ဖမ်းဆီးခံရ
DVB
·
September 25, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၊ သထုံ-ဘားအံ ကားလမ်းမကြီးပေါ်မှာ စက်တင်ဘာ ၂၃ ရက် ညနေက လက်ကိုင်ဖုန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ပုံတွေ တွေ့ရှိမှုကြောင့် သထုံဒေသခံ လူငယ် ၂ ယောက်ကို စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီက ထောင်မှူးကျေးရွာ ကားလမ်းပေါ် ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာမှာ အဲဒီလူငယ် ၂ ယောက်ရဲ့ လက်ကိုင်ဖုန်းအတွင်း သေနတ်ကိုင်ဆောင်ပြီး ပြောက်ကျားဝတ်စုံတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတချို့ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“နှစ်ယောက်လုံးက အနန်းပင်ကျေးရွာအုပ်စု၊ အင်းကွဲကျေးရွာက မောင်ဝင်းထိုက်စိုးနဲ့ စိုးမိုးထွန်းပါ။ ပူးပေါင်းအဖွဲ့တွေက ထောင်မှူးကားလမ်းပေါ် ယာဥ်စစ်လုပ်နေတဲ့အချိန် သထုံမြို့ဘက်မှ ကြာပန်းကျေးရွာဘက်ကို မောင်းနှင်လာတာတွေ့ပြီး မသင်္ကာလို့ စစ်ဆေးကြည့်တာ PDF လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးထိန်းသိမ်းထားတာပါ။”

ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ယောက်ကို လက်ရှိအချိန်ထိ သုဓမ္မဝတီနယ်မြေရဲစခန်းမှာ စစ်ဆေး မေးမြန်းနေကြောင်း သိရပါတယ်။

အလားတူ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာက မျိုးမင်းဆန်း (ခ) ခေါင်းချွန်နဲ့ ကံထူးအောင် (ခ) မောင်လူဆိုးတို့ ၂ ယောက်ကို လမ်း၊ တံတားမိုင်းခွဲမှုတွေမှာ ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေဆိုတဲ့ စွပ်စွဲချက်နဲ့ သိမ်ဆိပ်ရဲစခန်းမှ (ပ) ၅၀/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)/၅၂(က) နဲ့ အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇,၀၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ၂၀,၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံ ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024