ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အထဲက ဒေသခံ လူငယ် တယောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူမှာ အသက် ၂၄ အရွယ် မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းမကျေးရွာက လင်းထက်အောင်ဆိုသူ အရပ်သားလူငယ်ဖြစ်ပြီး သူ့ကို စက်တင်ဘာ ၁၆ ရက်က စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် စက်တင်ဘာ ၁၉ ရက် ညက သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
မအူပင် စစ်ကောင်စီခလရ ၂၇ တပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာက ကောင်လေး နှစ်ယောက်ပါ။ တယောက်ကတော့ ဆုံးသွားတယ်။ တယောက်က ဒဏ်ရာအပြင်းအထန် ရနေတယ်လို့ သိရတယ်။ စစ်ကြောရေးမှာ ဆုံးတာ။ ခလရ-၂၇ တပ်ဝန်းထဲမှာ စစ်ရင်း ရိုက်နှက်စစ်ဆေးတဲ့ ဒဏ်ကြောင့်ဆုံးသွားတာ” လို့ ပြောပါတယ်။
သေဆုံး သူရဲ့ မိတ်ဆွေတယောက်က “သူ့မိဘတွေကို အကြောင်းကြားတာပဲရှိတယ်။ အလောင်းကို ပြန်မပေးဘူး။ ရောဂါကြောင့် သေတာလို့ သတင်းလွှင့်နေတယ်။ လင်းထက်အောင်ဆီမှာ ဘာရောဂါမှမရှိဘူး။ အခု သူ့အသက် ၂၄ ကျော်လာပြီ၊ ပြင်းထန်တဲ့ရောဂါဖြစ်လို့ ဆေးရုံဆေးခန်း တင်ရတယ်ဆိုတာမရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် သေဆုံးသူနဲ့ တွေ့ခွင့်ပေးဖို့ မိသားစုဝင်တွေက စစ်ကောင်စီတပ်နဲ့ ရဲစခန်းကို သွားရောက်တောင်းပန်ပေမဲ့ မရဘူးလို့ မိသားစုဝင်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေ လွတ်မြောက်နေသေးတယ်လို့ ဆိုကာ မအူပင်မြို့တွင်း ရပ်ကွက်တွေ၊ ရန်ကုန် - မအူပင်- ဖျာပုံ- ကျိုက်လတ် ကားလမ်းမအနီးက ကျေးရွာတွေနဲ့ မအူပင်- မလတ်တို-တွံ့တေး ကားလမ်းမတွေမှာ စက်တင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်အထိ တင်းကြပ်တဲ့ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။