နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတိုင်း၊ ရှမ်းတောင်ပိုင်း၊ ရှမ်းအရှေ့ပိုင်း၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တို့မှာ စစ်မှုထမ်းအပတ်စဥ် ၅ အတွက် စက်တင်ဘာ ၄ ရက်က စတင်ပြီး လူငယ်တွေကို သင်တန်းကျောင်းပို့ဆောင်နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၅ မှာ အမျိုးသမီးတွေ ခေါ်ယူမှာဖြစ်ပေမဲ့ ညွှန်ကြားချက်ပြောင်းလဲကာ အမျိုးသားတွေကို ဦးစားပေးခေါ်တာလို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အပတ်စဥ် ၅ မှာ အမျိုးသမီးခေါ်မလို့၊ ဒါပေမဲ့ ညွှန်ကြားချက်ပြောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်ဘက်က လက်ရုံးတပ်တွေမှာ အမျိုးသမီးတပ်သားသစ်တွေ ခေါ်ထားတော့ မခေါ်တော့တာ၊ ဘယ်တော့ခေါ်မလဲတော့ မသိဘူး။”
နေပြည်တော်ရှိ စစ်မှုထမ်းဆင့်ခေါ်ရေး(ဗဟို)အဖွဲ့မှာ စက်တင်ဘာ ၃ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုင်းစစ်ဌာနချုပ်များ စစ်မှုထမ်းမယ့်ဦးရေကို ပြည့်မီအောင် ခေါ်ယူဖို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခဲ့ပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၄ အထိ သင်တန်းဆင်းခဲ့ပေမဲ့ သင်တန်းဆင်း တပ်သားသစ်တွေကို စစ်ကောင်စီက ဘယ်နေရာတွေ ပို့ဆောင်တယ်ဆိုတာကို မသိရလို့ စိတ်ပူနေတဲ့ မိဘတွေလည်း ရှိပါတယ်။
စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုမထမ်းမနေရအမိန့်ကို အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီးခေါ်ခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၅ အထိရှိပြီ ဖြစ်ပါတယ်။